အရာတော်မှာ လေကြောင်းကဗုံးကြဲလို့ ခရီးသွား ၂ ဦးသေဆုံး

0 20
0 20

အရာတော်၊ ဖေဖော်ဝါရီ ၂၈၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ခရီးသွား ၂ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီ ၂၈ ရက် နေ့လယ် ၃ နာရီခွဲမှာ ဂျိုင်ရိုကော်ပတာ ၃ စီးနဲ့ အရာတော်-ထီးဆောင်း လမ်းပိုင်းကို ၂ ကြိမ် လေကြောင်းတိုက်ခိုက်ခဲ့ပြီး ခရီးသွားအမျိုးသမီး ၁ ဦးနဲ့ အမျိုးသား ၁ ဦးနေရာမှာတင် သေဆုံးပြီး ဒဏ်ရာရတဲ့အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦးကိုတော့ ဆေးကုသပေးနေရကာ အမျိုးသမီးကတော့ အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

“ထိတာကတော့ ၄ ယောက်ထိတာ၊ အမျိုးသမီး ၂ ဦး၊ အမျိုးသား ၂ ဦး၊ ၂ ယောက်က ပွဲချင်းပြီးပဲ။ ကားမောင်းနေရင်း ဗုံးကြဲခံရတာ၊ လမ်းဘေးကို ဗုံးသီးကျပြီး ကားကိုအစတွေမှန်သွားတာ။ ထိသွားတဲ့ ၂ ယောက်ကတော့ ဆေးကုပေးနေရတယ်။ ၁ ယောက်က အခြေအနေမကောင်းဘူး။”လို့ ဖြစ်စဉ်အနီးရှိသူ တဦးက ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ပြီးနောက် အရာတော် လေ့ကျင့်ရေး ၁၀ တပ်ကနေ အနီးအနား ကျေးရွာတွေကို လက်နက်ကြီးနဲ့ ၃ ကြိမ် ပစ်ခက်တိုက်ခိုက်ခဲ့သေးတယ်လို့လည်း ဆိုပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၆ ဖေဖော်ဝါရီ ၂၇ ရက်အထိ စစ်ကော်မရှင်နဲ့ ၎င်းရဲ့လက်အောက်ခံတွေကြောင့် သေဆုံးခဲ့ရတဲ့ ပြည်သူ ၇,၈၄၂ ဦးရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း – AAPP က ထုတ်ပြန်ထားပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။