ရေတာရှည်မှာ စစ်တပ်ကအင်အားရာကျော်နဲ့စစ်ကြောင်းထိုးပြီး ဒေသခံ ၂ ဦးပစ်သတ်ခံရ

0 12
0 12

ရေတာရှည်၊ ဖေဖော်ဝါရီ ၂၇၊ ၂၀၂၆။

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ စစ်ကော်မရှင်တပ်က အင်အားရာကျော်နဲ့စစ်ကြောင်းထိုးနေပြီး ပြည်သူ ၂ ဦးလည်း ပစ်သတ်ခဲ့တယ်လို့ ရေတာရှည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၂၃ ရက်မနက် ၁၀ နာရီမှာ တောင်ငူကနေ အင်အား ၅၀၀ ကျော်နဲ့ဝင်လာတဲ့ စစ်ကော်မရှင် စစ်ကြောင်းဟာ ရေငန်ကျေးရွာကိုရောက်လာပြီး ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်ခဲ့ချိန် ဒရုန်းနဲ့ဗုံးချတာကြောင့် အသက် ၅ နှစ်အရွယ် မိန်းကလေးငယ် ၁ ဦးဒဏ်ရာရပြီး နေပြည်တော်ဆေးရုံကို ပို့ထားရတယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက် စစ်ကြောင်းဟာ ရေငန်ရွာမှာညအိပ်ပြီး ဖေဖော်ဝါရီ ၂၄ ရက် မနက်ပိုင်းမှာ ရေငန်ကနေ မြင်းဇီးခုံကျေးရွာကိုပြန်ထွက်ချိန် ဒေသကာကွယ်ရေးတပ်ပေါင်းစုတွေက ကြားဖြတ်တိုက်ခိုက်လို့ တိုက်ပွဲဖြစ်နေချိန် ထွက်ပြေးတိမ်းရှောင်တဲ့ မြင်းဇီးခုံရွာသား အသက် ၄၀ အရွယ် စိတ်ကျန်းမာရေး မကောင်းသူ အမျိုးသား ၁ ဦးလည်း စစ်ကော်မရှင်ဘက်ကပစ်ခတ်တဲ့ ကျည်ထိမှန်သေဆုံးခဲ့ပါတယ်။

တိုက်ပွဲဖြစ်ပြီးနောက် စစ်ကြောင်းဟာ မြင်းဇီးခုံကျေးရွာထဲရောက်လာချိန် ကျေးရွာထဲက စစ်ကော်မရှင်ခန့်အုပ်ချုပ်ရေးမှူး ဦးစိုးရဲ့ညီဖြစ်သူ အသက် ၃၀ ကျော်အရွယ်အမျိုးသားလည်း ဖမ်းဆီးပြီးပစ်သတ်ခံလိုက်တယ်လို့ ရေတာရှည်မြို့နယ်ပကဖ တာဝန်ရှိသူကပြောပါတယ်။

“မြင်းဇီးခုံရွာထဲ ၁ ယောက်သေတယ်။ ရေငန်နဲ့မြင်းဇီးခုံကြား တံတားနားမှာသေတာ။ မြင်းဇီးခုံဖမ်းပြီးသတ်တာက အုပ်ကြီးညီ။ ဟိုတယောက်(စိတ်ကျန်းမာရေးအကောင်းသူ)က တိုက်ပွဲဖြစ်နေတော့ သူကစိတ်ပေါ့သွပ်သူလည်းဖြစ်တော့ ထွက်ပြေးတာကိုပစ်လိုက်တာ။ အလောင်းတွေတောင် မကောက်နိုင်သေးဘူး”လို့ သူကပြောပါတယ်။

ဒေသခံ ၂ ဦးကိုသတ်ဖြတ်ခဲ့တဲ့ စစ်ကြောင်းဟာ မြင်းဇီးခုံရွာကနေ ဖေဖော်ဝါရီ ၂၅ ရက်ညနေပိုင်းမှာ လုံရမ်းရွာကို ထွက်လာချိန် ညနေ ၆ နာရီခန့်မှာ တိုက်ပွဲထပ်ဖြစ်ပြီးနောက် လုံရမ်းရွာကို ရောက်ရှိတပ်စွဲနေကာ ဖေဖော်ဝါရီ ၂၇ ရက် အထိတပ်ပြန်ဆုတ်တာမရှိသေးဘဲ တိုက်ပွဲလည်း ထပ်မဖြစ်သေးဘူးလို့ ဆိုပါတယ်။

စစ်ကော်မရှင်စစ်ကြောင်းထိုးလာချိန် တိုက်ပွဲ ၃ ကြိမ်ဖြစ်ခဲ့ပြီး ဒေသကာကွယ်ရေးပူးပေါင်းတပ် ဘက်က ထိခိုက်သူမရှိခဲ့ဘဲ စစ်ကော်မရှင်ဘက်ကထိခိုက်မှုကိုတော့ စုံစမ်းနေတယ်လို့ သိရပါတယ်။

ရေငန်ရွာကိုစစ်ကြောင်းဝင်ရောက်စဥ် ဒေသကာကွယ်ရေးအဖွဲ့ ၁ ခုရဲ့ စစ်ဆေးရေးဂိတ် ၁ ခုကို ပြန်ဆုတ်ခွာခဲ့ရပြီး လူနဲ့ပစ္စည်းတွေဆုံးရှုံးမှုတွေမရှိခဲ့ဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁ ရက်မှာ ရေတာရှည်မြို့နယ်၊ ရွှေသောင်ရွာနဲ့ သစ်နံသာကျေးရွာကြားမှာ တိုက်ပွဲဖြစ်ခဲ့ပြီး ဒေသကာကွယ်ရေးအဖွဲ့ဝင် ၂ ဦးသေဆုံးကာ စစ်ကော်မရှင်ဘက်က ၁၀ ဦး သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။