ရွှေဘိုခရိုင်တပ်ရင်း ၁၅ တပ်ဖွဲ့ဝင် ၂၀ ကျော် နုတ်ထွက်ပြီး ထောက်ပို့ပြည်သူအဖြစ် ဆက်လက်ရပ်တည်မယ်

0 75
0 75

ရွှေဘို၊ ဖေဖော်ဝါရီ ၂၄၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်အတွင်း စစ်ရေးလှုပ်ရှားနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF ရွှေဘိုခရိုင်တပ်ရင်း ၁၅ တပ်ခွဲ ၃ က တပ်ဖွဲ့ဝင် ၂၀ ကျော် PDF အဖြစ်ကနေ နုတ်ထွက်သွားတယ်လို့ အဲ့ဒီတပ်ခွဲထံက သိရပါတယ်။

တပ်ခွဲ ၃ တပ်ဖွဲ့ဝင် ၂၀ ကျော်ဟာ ရွှေဘိုခရိုင်တပ်ရင်း ၁၅ ထံ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းက နုတ်ထွက်စာတင်ပြခဲ့ပြီးနောက် ၂ လကျော်အကြာ ဖေဖော်ဝါရီ ၂၂ ရက်မှာ ထုတ်ယူထားတဲ့လက်နက်ခဲယမ်းနဲ့တွေကို ပြန်လည်အပ်နှံပြီး နုတ်ထွက်ခဲ့တာလို့ ဆိုပါတယ်။

” နုတ်ထွက်စာတင်ထားတာ ၂ လလောက်ရှိပြီး။ ခွဲ ၃ ကရဲဘော်တွေက အဆင်မပြေတော့ဘူး။ ရဲဘော်တွေမှာ ကုန်ထမ်းစားနေရတယ်။ အထက်ကလည်း ဘာမှ မထောက်ပံတော့ကျ ကြာရှည်ကလည်း မရပ်တည်နိုင်တော့ဘူး။ အကြွေးတွေလည်းနစ်နေပြီ။ အဲဒါကြောင့်မို့ပါ ” လို့ PDF အဖြစ်ကနေ နုတ်ထွက်လိုက်တဲ့ တပ်ခွဲ ၃ တပ်ခွဲမှူးဟောင်း ဗိုလ်ချုပ် က မြေလတ်အသံကို ပြောပါတယ်။

လက်ရှိမှာ PDF အဖြစ်ကနေ နုတ်ထွက်လာခဲ့ပေမယ့် ထောက်ပို့ပြည်သူတွေအဖြစ် ဆက်လက်ရပ်တည်သွားမှာဖြစ်တယ်လို့ တပ်ခွဲမှူးဟောင်း ဗိုလ်ချုပ် က ဆက်ပြောပါတယ်။

ရွှေဘိုခရိုင်တပ်ရင်း ၁၅ ကနေ ထုတ်ယူထားတဲ့ သေနတ် ၁၀ လက်၊ ခဲယမ်းနဲ့စစ်အသုံးအဆောင်ပစ္စည်းတွေကို တပ်ရင်းမှူးထံ တိုက်ရိုက်အပ်နှံပြီးနုတ်ထွက်တာမဟုတ်ဘဲ တိုက်နယ်ပကဖကနေတဆင့် အပ်နှံခဲ့တာလို့ သိရပါတယ်။

တပ်ခွဲ ၃ က အပ်နှံတဲ့ စစ်လက်နက်ခဲယမ်းတွေကို လက်ခံထားတဲ့ တိုက်နယ်ပကဖတွေကတဆင့် ရွှေဘိုခရိုင်တပ်ရင်း ၁၅ တပ်ရင်းမှူးထံကို ယမန်နေ့ ဖေဖော်ဝါရီ ၂၃ ရက်မှာ ဆက်လက်လွှဲပြောင်းပေးပြီးဖြစ်တယ်လို့ ဖြစ်စဥ်အခြေအနေကိုသိထားတဲ့ ဒေသအခြေစိုက် PDF အဖွဲ့ဝင်တဦးက ပြောပါတယ်။

” ခွဲ ၃ ဗိုလ်ချုပ်တို့အဖွဲ့က ဗိုလ်ကောက်ရိုးနဲ့အဆင်မပြေတာလို့တော့ သိရတယ်။ အဲဒီတော့ တပ်ရင်းကတပ်ဆင်ထားတဲ့ အီကွေးမန့်(ချပ်ဝတ်တန်ဆာ)၊ လက်နက်ကအစ တိုက်နယ်ကိုအသိသက်သေထားပြီး အပ်သွားတာလို့ သိရတယ်။ အဓိကထောက်ပံမှုမရှိတာ၊ ရင်းမှူးနဲ့အဆင်မပြေတာကြောင့်လို့တော့ သိရတယ်” လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

PDF တွေအနေနဲ့ တပ်ဖွဲ့ဝင်အဖြစ်ကနေ နုတ်ထွက်လိုပါက သက်ဆိုင်ရာတပ်ရင်းကတဆင့် ဝန်ကြီးဌာနအဆင့်ဆင့်ကို တင်ပြပြီး ခွင့်ပြုချက်ရယူဖို့လိုအပ်တယ်လို့ ရွှေဘိုခရိုင်အတွင်းက တော်လှန်ရေးတပ်ဖွဲ့တခုရဲ့ခေါင်းဆောင်တဦးထံက သိရပါတယ်။

တပ်ခွဲ ၃ က ဗိုလ်ချုပ်တို့အဖွဲ့ဟာ ယခင်က LPDF အနေနဲ့ ရပ်တည်ခဲ့ပြီး ၂၀၂၂ အတွင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ-NUG လက်အောက်ရွှေဘိုခရိုင်တပ်ရင်း ၁၅ ရဲ့တပ်ခွဲ ၅ အနေနဲ့ဝင်ရောက်ခဲ့ပြီးနောက် ဗိုလ်ကောက်ရိုး တပ်ရင်းမှူးတာဝန်ရယူချိန်မှာ တပ်ခွဲ ၃ အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့တာလို့ သိရပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။