မန္တလေး၊ ဇွန် ၁၆၊ ၂၀၂၃။
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ကိုးပင်ကျေးရွာထိပ်မှာ ပစ်သတ်ခံထားရတဲ့ အမျိုးသားအလောင်း ၃ လောင်းတွေ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဇွန်လ ၁၅ ရက် မနက် ၆ နာရီလောက်မှာ ဦးခေါင်းနဲ့ရင်ဘတ်တွေကို သေနတ်နဲ့ ပစ်သတ်ခံထားရတဲ့ပုံစံ မှောက်လျက်သေဆုံးနေတဲ့ အမျိုးသားအလောင်းတွေကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

“တယောက်ဆို ခေါင်းပွင့်ထွက်နေတယ်။ ကျန်နှစ်ယောက်ကလည်း ဦးခေါင်းတွေနဲ့ ရင်ဘတ်တွေ ပစ်ခံရပြီး သေဆုံးနေကြတာ။ ရွာခံတွေလည်း မဟုတ်ဘူး။ ပုံစံတွေကြည့်ရတာ တနေရာကနေ ဖမ်းခေါ်လာပြီး ပစ်သတ်သွားတာ” လို့ ဒေသခံတဦးက ပြောပါတယ်။
ပစ်သတ်ခံရသူတွေဟာ အသက် ၁၈၊ ၂၅နှစ်နဲ့ အသက် ၄၀ အရွယ်ခန့်ရှိ အမျိုးသားတွေ ဖြစ်တယ်လို့ ဆိုပါ တယ်။

သေဆုံးနေတဲ့ အမျိုးသားတွေကို ဘယ်အဖွဲ့အစည်းက ပစ်သတ်သွားတယ်ဆိုတာ အခုထိ မသိရသေးပါဘူး။
ဒါပေမဲ့ အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာတော့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ပြည်သူတွေကို သေနတ်နဲ့ပစ်သတ်တဲ့အခါမှာ ဦးခေါင်းတွေကိုသာ ရွေးချယ်ပစ်ခတ်တာတွေလုပ်ခဲ့ပါတယ်။

သေဆုံးသူတွေရဲ့အလောင်းတွေကိုတော့ စစ်ကောင်စီဘက်က လာကောက်သွားပြီး ကြားညှပ်ဆေးရုံကို ပို့ထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဇွန်လ ၁၄ ရက်က သပိတ်ကျင်းမြို့နယ်၊ ကိုးပင်ကျေးရွာမှာ ရဟန်းဝတ်တဦး ပစ်သတ်ခံရသလို လက်ပံကုန်းကျေးရွာနှင့် ဆယ်ဇင်းကုန်းကျေးရွာကြား အမျိုးသား ၂ ဦး အသတ်ခံခဲ့ရပါသေးတယ်။
စာတည်း – လင်းဇေ