တမူးမှာ စစ်ကောင်စီစခန်းတိုက်ခိုက်ခံရ၊ အထိနာလို့ လေကြောင်းပစ်ကူပေး

0 2
0 2

စစ်ကိုင်း၊ ဇွန် ၁၅၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ပန်းသာရွာမှာရှိတဲ့ စစ်ကောင်စီစခန်းကို နယ်မြေခံကာကွယ်ရေးတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က အထိနာကာ လေကြောင်းပစ်ကူခေါ်ခဲ့ရတယ်လို့ ဒေသခံတွေကတဆင့် သိရပါတယ်။

ဇွန်လ ၁‌၅ ရက် ဒီကနေ့ မနက် ၅ နာရီက တိုက်ပွဲ‌စတင်ဖြစ်ခဲ့ပြီး မနက် ၈ နာရီမှာ ဂျက်ဖိုက်တာတစီးနဲ့ ဗုံးကြီး ၂ လုံးချခဲ့ကာ ရွာအပြင်ဘက်ကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ရဲဘော်တချို့ ဗုံးစထိမှန် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

“ခုထိတိုက်ပွဲမပြီးသေးဘူး၊ ဗုံးသံတွေကြားနေရဆဲပဲ၊ ရွာထဲက တချို့အိမ်တွေလည်း လက်နက်ကြီးဗုံးသီးမှန်ပြီး မီးလောင်နေတယ်၊ လေကြောင်းကတော့ တခေါက်လာတယ်၊ မိုးလည်းအုံ့တော့ သူတို့လည်း ကောင်းကောင်းမမြင်ရဘူး၊ လက်နက်သိမ်းမိတယ်လည်း ကြားတယ်၊ ပျူဆီကသိမ်းတာလား၊ ရဲ** စစ်**ဆီက သိမ်းတာလား မသိဘူး။” လို့ တပ်ဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရသူတွေကိုသယ်ဖို့အတွက် တမူးကနေ လူနာတင်ယာဉ် ၄ စီးထွက်ခွာသွားပြီး သေဆုံးအရေအတွက် အတိကျကတော့ တိုက်ပွဲမပြီးသေးတဲ့အတွက် မသိရသေးဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကလည်း စစ်ကူစစ်ကြောင်းတွေကို ဖြတ်တောက်တာတွေလုပ်နေပြီး လက်နက်တချို့သိမ်းဆည်းနိုင်ခဲ့သလို အရှင်ဖမ်းမိတဲ့သူတွေလည်း ရှိနေတယ်လို့ ကြားသိရပေမယ့် မြေလတ်အသံကတော့ စုံစမ်းအတည်ပြုနေဆဲဖြစ်ပါတယ်။

ပန်းသာရွာက စစ်‌‌ကောင်စီစခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေ စုပေါင်းကာ ၂၀၂၁ ခုနှစ် မေလ ၁၂ ရက်က တကြိမ်၊၂၀၂၂ ခုနှစ် ဇွန်လ၂၂ ရက်က တကြိမ် ဝင်ရောက်တိုက်ခိုက်ခဲ့ဖူးပြီး ပထမတကြိမ်တိုက်ခိုက်မှုတုန်းက စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးကာ၊ ဒုတိယအကြိမ်တိုက်ပွဲမှာတော့ စစ်ကောင်စီတပ်သား ၂၅ ဦးထိ သေဆုံးထားတာလည်း ဖြစ်ပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။