ပခုက္ကူမှာ ပျူစောထီးတွေက လူငယ်တွေကို လိုက်လံဖမ်းဆီးနေလို့ ရှောင်တိမ်းနေကြရ

0 2
0 2

မကွေး၊ ဇွန် ၁၃၊ ၂၀၂၃။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတွေက ကျေးရွာတွေကိုဝင်ရောက်ပြီး လူငယ်၊ လူလတ်ပိုင်းအရွယ် အမျိုးသား၊ အမျိုးသမီးတွေကို ဖမ်းဆီးစစ်ဆေးတာတွေ ပြုလုပ်နေလို့ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့မေလကနေ ဇွန်လ လက်ရှိအချိန်အထိ ပျူစောထီးခေါင်းဆောင် ဇော်နိုင်ဝင်း ဦးဆောင်တဲ့ အင်အား ၅၀ ခန့်ရှိတဲ့ အဖွဲ့က လက်နက်တွေကိုင်ဆောင်ကာ တရွာဝင်၊ တရွာထွက် စစ်ဆေးတာတွေပြုလုပ်နေလို့ အသက် ၁၅ နှစ်ကနေ ၃၅ နှစ်အရွယ် လူငယ်တွေဟာ ကျေးရွာမှာ မနေထိုင်ကြရဘဲ ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့ အသက်၂၀ ကျော်အရွယ် ဆယ်လံကျေးရွာသားတဦး က ပြောပါတယ်။

“ကျနော်ကိုယ်တိုင်လည်း ပြေးနေရတယ်။ ပျူတွေကို စကစတွေက လက်နက်တွေ ပေးထားတော့ စိတ်ကြိုက် သောင်းကျန်းတာပေါ့။ ကျနော်တို့လို လူငယ်တွေဆို အဓိကပစ်မှတ်ထား စစ်ဆေးတယ်၊ ဖမ်းဆီးသွားတာတွေ ရှိတယ်။ အခုဆိုရွာတွေမှာ လူတယောက်မှ မနေကြတော့ဘူး။ အကုန်လုံးတိမ်းရှောင်နေရတယ်” လို့ သူကထပ်မံ ဆိုပါတယ်။

ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကျေးရွာတွေကတော့ ပေါက်တော၊ ဆယ်လံ၊ ညောင်လှ၊ မြို့စိုး၊ အိုင်ကြီး၊ ကံကြီးစု၊ ချမ်းသာကြီးစတဲ့ ကျေးရွာတွေက ဒေသခံတွေ ဖြစ်ကြပါတယ်။

ဇွန်လ ၇ ရက်နေ့ မနက်ပိုင်းကလည်း ပျူနဲ့စစ်ကောင်စီ ပူးပေါင်းအဖွဲ့က ပေါက်တောကျေးရွာကို ဝင်ရောက်စစ်ဆေးမှုတွေ ပြုလုပ်တဲ့အချိန်မှာ အသက် ၂၀ကျော်အရွယ် လူငယ်အမျိုးသား ၂ ဦးကို ဖမ်းဆီးသွားခဲ့ပြီးနောက် ဇွန် ၁၃ ရက် ဒီနေ့အထိ သတင်းအစအနမရဘဲ ပျောက်ဆုံးနေတယ်လို့ နောက်ထပ်ဒေသခံ အမျိုးသားတဦးက ပြောပါတယ်။

အဲဒီ ပျူစောထီးအဖွဲ့ဟာ (BPI)ဆေးဝါးထုတ်လုပ်ရေးနှင့် မြင်းမွေးမြူရေးတပ်က စစ်ကောင်စီတပ်သားတွေနဲ့ ပူးပေါင်းကာ ဇွန်လ ၁၃ ရက် နေ့လယ် ၃ နာရီကျော်မှာလည်း မြို့စိုးကျေးရွာကို ဝင်ရောက်မီးရှို့ခဲ့တာကြောင့် လူနေအိမ် ၇ လုံး မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။