31 July 2026 4:42 PM

အလှူရှင်နည်းလာလို့ မြို့ပေါ်မစ်ရှင်တွေကို လျှော့ချလာရဟု မန္တလေးမြို့ပြပြောက်ကျားအဖွဲ့ဆို

0 1
0 1

မန္တလေး၊ ဇွန် ၁၃၊ ၂၀၂၃။

မန္တလေးမြို့မှာ မြို့ပြတိုက်ခိုက်မှုတွေကို အဓိကပြုလုပ်နေတဲ့ No More Dictatorship People Defence – NMD အဖွဲ့ဟာ အလှူရှင်နည်းလာတာ၊ လက်နက်ခဲယမ်းစျေးနှုန်းတွေနဲ့ ကုန်စျေးနှုန်းကြီးမြင့်လာတာကြောင့် မြို့ပြတိုက်ခိုက်မှုတွေဖော်ဆောင်နေတာကို လျှော့ချဖို့စဥ်းစားနေတယ်လို့ တပ်ဖွဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။

အဲဒီအဖွဲ့ဟာ မြိုပြတိုက်ခိုက်မှုတွေကို ပြုလုပ်နေတာဖြစ်တဲ့အတွက် လက်နက်ခဲယမ်းဖိုးအပြင် မြို့ပြမှာ နေထိုင်စားသောက်ရတဲ့ အသုံးစရိတ်တွေရဲ့ ကြီးမြင့်မှုကိုလည်းခံနေရတယ်လို့ဆိုပါတယ်။

“ကျနော်တို့မှာ မြို့ပေါ်အသုံးစရိတ်ကလည်းထောင်းတယ်။ အလှူရှင်လည်း အရင်ကထက် တဝက်လောက်နည်းလာလို့ မစ်ရှင်တွေလျှော့ချဖို့ စဥ်းစားနေပါတယ်။ စုဆောင်းငွေသိမ်း ၅၀ လည်းကုန်သွားပြီ။ ပြန်စုနိုင်ဖို့ မလွယ်တော့ဘူး”လို့ NMDအဖွဲ့ခေါင်းဆောင် ဗိုလ်Zeusကပြောပါတယ်။

မြို့ပြတိုက်ခိုက်မှုဖော်ဆောင်ရာမှာ ဆိုင်ကယ်ဆီဖိုး၊ စားစရိတ်၊ ဖုန်းဘေလ်နဲ့ လုပ်ငန်းအရ သင့်လျော်တဲ့ စားသောက်ဆိုင်တွေကို ဝင်ရောက်ရတာမျိုးအပြင် Safe House စရိတ်နဲ့ အထွေထွေစရိတ်တွေ လည်း ကုန်ကျမှုရှိတယ်လို့ သူကဆက်ပြောပါတယ်။

တော်လှန်ရေးစတင်ချိန်က ပစ္စတို ၁ လက်ကို ကျပ်သိန်း ၂၀ ဝန်းကျင်သာရှိပြီး အခုအခါကျပ် သိန်း ၈၀ ဝန်းကျင်ရှိသလို ယခင် ကျည် ၁ တောင့်ကို ကျပ် ၄၅၀၀ ဝန်းကျင်ရှိရာမှ အခုအခါ ကျပ် ၁ သောင်းဝန်းကျင် ပေါက်စျေးရှိနေတယ်လို့ ဆိုပါတယ်။

NMD မြို့ပြတိုက်ခိုက်ရေးအဖွဲ့ဟာ မေလ ၃၀ ရက်ကနေ ဇွန်လ ၁၀ ရက်အထိ တိုက်ခိုက်မှု ၉ ကြိမ်ပြုလုပ်ခဲ့ပြီး ဇွန်လ ၁၀ ရက်မှာ အောင်မြေသာဇံမြို့နယ်က ယာဥ်ထိန်းရဲလိုင်းခန်း၊ ဇွန်လ ၆ ရက်မှာ အမရပူရမြို့နယ် လူ၀င်မူကြီးကြပ်ရေးရုံးတို့ကို တိုက်ခိုက်ခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့မေလ ၁၀ရက်မှာ အောင်မြေသာစံမြို့နယ် စစ်မှုထမ်းဟောင်းရုံး၊ မေ ၁၂ ရက်မှာ ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကြည်ကုန်းရပ်ကွက်ရှိ တံခွန်တိုင်ပင်မ ဓါတ်အားခွဲရုံး၊ မေလ ၁၈ ရက်မှာ အောင်မြေသာစံမြို့နယ် ၇၃ လမ်းနဲ့ ၇၄ ကြား ၊ ၈ လမ်းနဲ့ ၉ လမ်းကြားရှိ ဥပုသ်တော်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊ မေလ ၂၀ ရက်မှာ မဟာအောင်မြေမြို့နယ်၊ ရင်းနှီးမြုပ်နှံမှုနဲ့မှတ်ပုံတင်ရုံး၊ မေလ ၂၇ ရက်မှာ အောင်မြေသာစံမြို့နယ် drunkest Bar နဲ့ ပြည်ကြီးတံခွန်မြို့နယ်အခွန်ဦးစီးရုံး၊ မေလ ၃၀ ရက်မှာ အောင်မြေသာစံမြို့နယ် နန်းရှေ့တိုက်တော် လျှပ်စစ်ဓာတ်အားခွဲရုံးတို့ကိုတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ နီးစပ်ရာမိတ်ဆွေအချို့ထံအလှူခံတာ၊ Pageကိုလာရောက်လှူဒါန်းတဲ့ အလှူငွေအချို့နဲ့ ရပ်တည်နေကြတယ်လို့ အဖွဲ့ခေါင်းဆောင်ဆီက သိရပါတယ်။

စာတည်း – လင်းဇေ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။