စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်လို့ ဖြူးနယ်ရှိ ရွာ ၅ ရွာက ဒေသခံတွေ ထွက်ပြေးနေရ

0 1
0 1

ပဲခူး၊ ဇွန် ၁၃၊ ၂၀၂၃။

ပဲခူးတိုင်း(အရှေ့ခြမ်း)၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အရှေ့ဘက်က ကျေးရွာတွေကို စစ်ကောင်စီတပ်သားတွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတဲ့အတွက် အဲ့ဒီဒေသတဝိုက်ရှိကျေးရွာက ဒေသခံတွေ ဆက်နေလို့မရတော့ဘဲ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇွန်လ ၁၀ ရက်က‌ ဘုရားလဟာရွာမှာ အထိုင်ချတပ်စွဲထားတဲ့ ခမရ ၄၃၉ တပ်နဲ့ ကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲဖြစ်ခဲ့ပြီးနောက် အဲ့ဒီနေ့ကစတင်ကာ ဒီနေ့ဇွန် ၁၃ ရက်ထိ ၃ ရက်ဆက်တိုက် ကျေးရွာတွေဘက်ကို ၈၁ မမ၊ ၄၀ မမတွေနဲ့ ဆက်တိုက်ပစ်ခတ်နေတာလို့ ဆိုပါတယ်။

“ဒီနေ့မနက် ၅ နာရီလောက်ကလည်း စကစတွေက လက်နက်ကြီး အလုံး ၂၀ လောက်ထုပြီး ရှေ့တိုးလာတယ်၊ ငါးမြစ်ချင်းရွာထဲ အများဆုံးကျတယ်၊ ရွာမကြီးထဲ ၂ လုံးကျတယ်၊ ခုရွာသားတွေက အိမ်မှာမနေရဲကြတော့လို့ ရွာတွေကိုစွန့်ပြီး တောတောင်တွေဆီကိုပြေးရတယ်။”လို့ ရွာမကြီးရွာသားတဦးက ပြောပါတယ်။

လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ငါးမြစ်ချင်း၊ ရွာမကြီး၊ သင်္ဘောကျွန်း၊ ပုဇွန်မြောင်၊ ဇီးခုန်စတဲ့ရွာက ပြည်သူ ၅၀၀၀ နီးပါး အရေးပေါ်တိမ်းရှောင်နေရပြီး တချို့ကတော့ KNU က အကူညီတွေပေးထားပေမယ့် တချို့တဝက်ကတော့ အကူညီမရကြသေးဘူးလို့ ဆိုပါတယ်။

ရွာမကြီးမှာ အိမ်ခြေ ၄၀၀၊ ငါးမြစ်ချင်းမှာ အိမ်ခြေ ၂၈၆၊ သင်္ဘောကျွန်းမှာ အိမ်‌ခြေ ၆၀၊ ပုဇွန်မြောင်မှာ အိမ်ခြေ ၆၀နဲ့ ဇီးခုန်မှာ အိမ်ခြေ ၁၀၀ရှိတဲ့အတွက် အခုလက်ရှိ အိမ်ထောင်စု ၁၀၀၀ နီးပါး အကူအညီတွေ လိုအပ်နေတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်မနက် ၁၀ နာရီက ဘုရားလဟာရွာနဲ့ ငါးမြစ်ချင်းရွာကြားမှာ စစ်ကောင်စီတပ်တွေနဲ့ ဖြူးမြို့နယ် ပကဖ၊ KNLA ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က ၄ ဦးသေဆုံးကာ အရာရှိ ၂ ဦးအပါအဝင် ၄ ဦး ဒဏ်ရာရခဲ့ပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။