ညောင်ပင်ကြီးတိုက်ပွဲအပြီး စစ်ကောင်စီက လေကြောင်းပစ်ကူနဲ့ မီးရှို့နေလို့ ဒေသခံ ၅၀၀၀ ခန့် ထွက်ပြေးရ

0 1
0 1

နန်းခမ်း၊ အောင်စိုး

စစ်ကိုင်း၊ ဇွန် ၁၀၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာ နဲ့ ထန်းတောကြီး ကျေးရွာတို့ကို စစ်ကောင်စီတပ်က ဇွန်လ ၉ ရက် ညနေ ၅ နာရီကျော်မှာ လေကြောင်းနဲ့ပစ်ခတ်ပြီး မီးရှို့ခဲ့သလို့ ယနေ့ ဇွန်လ ၁၀ ရက်နေ့မှာလည်း မြေပြင်ကနေ နေအိမ်တွေကို မီးရှို့နေတာကြောင့် ဒေသခံ ၅၀၀၀ ခန့် ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။

ထွက်ပြေးနေရသူတွေဟာ ယနေ့နံနက်အထိ ဘေးလွတ်ရာနေရာကို မရောက်သေးတာကြောင့် ဆက်လက်ထွက်ပြေးနေကြရဆဲ ဖြစ်တယ်လို့ National Revolution Army မှခေါင်းဆောင်က ပြောပါတယ်။

“ဒေသခံတွေက မနေ့က ၅ နာရီကတည်းကနေ ပြေးနေရတာ။ ညမအိပ်ရတော့ဘဲ ပြေးနေရတာ။ အခုချိန်ထိပေါ့။ Mi-35 နဲ့စက်ဝိုင်းပုံစံဝိုင်းပြီးတော့ ၅ ကြိမ်ပစ်တယ်။ ရွာထဲကစကစတွေကတော့ လေကြောင်းပစ်ပြီးတာနဲ့ အိမ်တွေကို မီးစရှို့တာ။ တညလုံးရှို့တယ်။အခုထိမီးက မငြိမ်းသေးဘူး” လို့ ဆိုပါတယ်။

ထွက်ပြေးနေရတဲ့ ကျေးရွာတွေကတော့ ညောင်ပင်ကြီး၊ အိုမ၊ ထန်းတောကြီး၊ ရွာရှည်၊ ရုံးပင်ရိုး၊ ထန်းတော၊ ပလောင်၊ ဝက်မှေး၊ ကံတော်၊ နှင်းတော၊ သိမ်တော၊ အောင်ချမ်းစည်၊ ရွှေအင်းလေး စတဲ့ကျေးရွာတွေဖြစ်ပြီး ဒေသခံပြည်သူ ၅၀၀၀ ခန့်ရှိတယ်လို့ ဆိုပါတယ်။

“မနေ့က ရွာထဲကိုလက်နက်ကြီးပစ်လို့ အဘွားတယောက် သေတယ်လို့ကြားတယ်။ အမျိုးသမီး တယောက်ကတော့ လက်မောင်းမှာကျည်မှန်သွားတယ်။ နောက်အမျိုးသားတယောက်ကတော့ ပါးမှာ မှန်သွားတယ်လို့ သိရတယ်။ သူတို့ရဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးဘူးဗျ” လို့ NRA ခေါင်းဆောင်က ဆိုပါတယ်။

လက်ရှိမှာ ညောင်ပင်ကြီးကျေးရွာထဲကို အင်အား ၁၀၀ ကျော်ပါတဲ့ ကျောက်မျက်တောင် ဘက်ကတကြောင်းနဲ့ မုံရွာဘက်ကနေတကြောင်း စုစုပေါင်းစစ်ကြောင်း ၂ ခု ထပ်ပြီးရောက်ရှိကာ တပ်စွဲထားတယ်လို့ သူက ဆက်ပြောပါတယ်။

“ဒီနေ့မနက် ထန်းတောရွာဘက်ကို အရင်မီးတင်တယ်။ ရွာတွေက ကပ်လျက်ဆိုတော့ ညောင်ပင်ကြီးရွာက အမှတ်(၃)၊ အမှတ်(၄)ရပ်ကွက်တွေကို မီးရှို့တယ်။ အခုချိန်ထိ စခတွေက အဲဒီရွာနားမှာပဲရှိတယ်။ ပိတ်မိနေတဲ့ရွာသားတွေကိုလည်း ရသလောက်ထုတ်ခဲ့တယ် ။ ရွာသားတွေ ထိခိုက်တာကတော့ ၄ ယောက်လောက်တော့ ရှိတယ်” လို့ ဒေသခံတဦးက ဆိုပါတယ်။

ဇွန်လ ၉ ရက် မနေ့ ညနေ ၅ နာရီ ခွဲဝန်းကျင်မှာ PDF မဟာမိတ်ပူးပေါင်းတပ်တွေက ညောင်ပင်ကြီးရဲစခန်းကိုဝင်ရောက်ကာ စခန်းသိမ်းတိုက်ပွဲဆင်နွှဲခဲ့ရာ စစ်ကောင်စီဘက်က အသေဆုံးများခဲ့တာကြောင့် လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူ အဆမတန်သုံးခဲ့တယ်လို့ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။