စစ်တပ်စစ်ဆေးရေးဂိတ်ကို PDF ပူးပေါင်းအဖွဲ့ တိုက်ခိုက်ခဲ့လို့ တပ်သား ၂ဦးသေဆုံးဟုဆို

0 1
0 1

မကွေး၊ ဇွန် ၈၊ ၂၀၂၃။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဇွန်လ ၈ ရက် ဒီနေ့ နေ့လယ် ၁ နာရီလောက်မှာ သွားရောက်ပစ်ခတ်ခဲ့တယ်လို့ Earthquake PDF ဆီက သိရပါတယ်။

အဲ့ဒီ စစ်ဆေးရေးဂိတ်ကို Earthquake People’s Defence Force ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်သလို ဝေဟင်ကနေလည်း ဗုံးသီးတွေနဲ့ တိုက်ခိုက်ခဲ့လို့ စစ်သား ၂ ဦးသေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Earthquake PDF အဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

“ကျနော်တို့နဲ့ အပြန်အလှန်ပစ်ခတ်ရင်း ရန်သူဘက်က ၂ ယောက်ကျသွားတာကို တွေ့ရပါတယ်။ ကျနော်တို့ပစ်ခတ်ချိန် ၃ မိနစ်လောက်ပဲကြာလိုက်တယ်။ သူတို့ ဂိတ်မှာက စုစုပေါင်း လူ ၃၅ ယောက်လောက်ရှိတယ်။ အဲဒီထဲမှာမှ အယောက် ၂၀ လောက်က တောင်ပေါ်မှာ ကင်းပုန်းဝပ်နေတာ။ ၁၀ လောက်ပဲ သူတို့ဂိတ်မှာ ကျန်ခဲ့တယ်။ Drone ဗုံးသီး ၂ နဲ့ ပစ်ချခဲ့တယ်။ ထိခိုက်တာတွေလည်းရှိနိုင်ပေမယ့် ရန်သူ့နယ်မြေထဲဝင်မရတော့ ဘယ်လောက်ထိ ထပ်ထိသွားလဲဆိုတာ မပြောနိုင်ပါဘူး။ ” လို့ ဆိုပါတယ်။

ပစ်ခတ်မှုပြီးလို့ ပြန်လည်ဆုတ်ခွာချိန်မှာ စစ်ကောင်စီဘက်က လက်နက်ငယ်တွေ နဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမယ့်လည်း ပူးပေါင်းတပ်ဖွဲ့တွေဘက်က အထိခိုက်မရှိပြန် ဆုတ်ခွာလာနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

အခုလက်ရှိအချိန်ထိလည်း ပခုက္ကူလမ်းပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေက လမ်းသွားလမ်းလာ ပြည်သူတွေကို စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့လည်းဆိုပါတယ်။

ပစ်ခတ်မှုကို Earthquake People’s Defence Force၊ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မတော် (ပ.က.ဖ) တပ်ရင်း (၂) တပ်ခွဲ (၁) နဲ့ Middle Revolution Task Force – MRTF တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။

စာတည်း – ဇို

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။