စစ်အုပ်စုတပ်စွဲထားတဲ့ တိုးလ်ဂိတ်နဲ့ ရဲသင်တန်းကျောင်းဂိတ်ကို ဒရုန်းနဲ့ဗုံးချ၊ ၂ ဦးသေဆုံးဟုဆို

0 1
0 1

စစ်ကိုင်း၊ ဇွန် ၈၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်က စစ်ကောင်စီတပ်စွဲထားတဲ့ နေရာ ၂ ခုကို ဇွန်လ ၅ ရက် ည ၈နာရီဝန်းကျင်မှာ ဒရုန်းနဲ့ဗုံးချတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့သေဆုံးမှုရှိခဲ့တယ်လို့ ကျောက်ဆည်နဂါးနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

စစ်ကိုင်းမြို့အထွက်က ကံတလူတိုးလ်ဂိတ်နဲ့ အမှတ် ၃ ရဲလေ့ကျင့်ရေးသင်တန်းကျောင်းဂိတ်ကို တပြိုင်တည်း ဒရုန်းဗုံးချတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုအတွင်း တိုးလ်ဂိတ်မှာတပ်စွဲထားတဲ့ စစ်ကိုင်း တပ်မ ၃၃ က အရာခံဗိုလ် ၁ ဦး နဲ့ တပ်သား ၁ ဦးသေဆုံးသွားတယ်လို့ အဖွဲ့တာဝန်ရှိသူက မြေလတ်အသံကို ပြောပါတယ်။

“အဲ့ဒီနေရာ ၂ ခုကို တပွိုင့်ကို ဗုံးသီး ၄ လုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တယ်။ တိုးလ်ဂိတ်ကိုဗုံးချတာမှာ တပ်မ ၃၃ စစ်သားတွေရှိတဲ့ ဂိတ်ဘန်ကာပေါ်ကိုကျလို့ ၂ ယောက်သေတယ်” လို့ ကျောက်ဆည်နဂါးနီ ပြည်သူ့ ကာကွယ်ရေးတပ် ဒုတပ်ရင်းမှူး ဆရာလေးက ပြောပါတယ်။

ကံတလူတိုးလ်ဂိတ်မှာ စစ်ကောင်စီတပ်အင်အား ၁၇ ဦးခန့် တပ်စွဲထားတာဖြစ်ပြီး တိုးလ်ဂိတ် ကင်းဘန်ကာမှာ ၂ ဦးတည်းရှိနေချိန် ဒရုန်းနဲ့ဗုံးကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး ရဲသင်တန်းကျောင်းဂိတ်ကို ဗုံးကြဲတိုက်ခိုက်မှုရဲ့ ထိခိုက်မှုကိုတော့ မသိရဘူးလို့ ဆိုပါတယ်။

တိုက်ခိုက်မှုကို ကျောက်ဆည်ခရိုင်တပ်ရင်း – ၁(နဂါးနီတပ်ရင်း)၊ ကျောက်ဆည်ခရိုင်ဒရုန်းတပ်ဖွဲ့၊ မြင်းခြံ ခရိုင် တပ်ရင်း-၇ (Zero ပြောက်ကျားတပ်ဖွဲ့)၊ ရွှေဘိုခရိုင်တပ်ရင်း၁၅ နှင့် ဆားတောင်းမိုးကြိုးအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ဇွန်လ ၄ ရက်နေ့ကလည်း မြင်းမူမြို့နယ်၊ ထီးဆောင်းရွာမှာ တပ်စွဲထားတဲ့ တပ်မ ၃၃ က စစ်သားတွေကို ကျောက်ဆည်နဂါးနီပြည်သူ့ကာကွယ်ရေးတပ်က ဒရုန်းနဲ့အကြိမ် ၂၀ ကျော် တိုက်ခိုက်ခဲ့တာ‌ကြောင့် စစ်ကောင်စီတပ်ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။

စာတည်း – ရင်ငြိမ်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။