မကွေး၊ ဇွန် ၆၊ ၂၀၂၃။
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ကံသစ်ရွာကို စစ်တပ်က ၄ ကြိမ်မြောက် မီးရှို့တဲ့အပြင် နေအိမ်တွေထဲက ဗုဒ္ဓဆင်းတုတော်တွေကိုပါ ဖျက်ဆီးသွားတယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့တာဝန်ရှိသူဆီက သိရပါတယ်။
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ကံသစ်ရွာကို စစ်တပ်က ၄ ကြိမ်မြောက် မီးရှို့တဲ့အပြင် နေအိမ်တွေထဲက ဗုဒ္ဓဆင်းတုတော်တွေကိုပါ ဖျက်ဆီးသွားတယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့တာဝန်ရှိသူဆီက သိရပါတယ်။
“အရင်မီးလောင်ခံရလို့ ပြန်ဆောက်ထားတဲ့ အိမ်အချို့လည်း မီးရှို့ခံရတယ်။ အိမ်ထဲကဘုရားတွေကိုလည်းဖျက်ဆီးသွားတယ်။ အဲရွာက ၄ ကြိမ်မြောက်မီးရှို့ခံရတာ၊ ခုတခါအိမ် ၆၅ လုံးမီးလောင်ခံရတယ်။” လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူတဦးကပြောပါတယ်။


မီးရှို့အပြီး စစ်ကောင်စီတပ်ဟာ ကံသစ်ရွာမှာ ညအိပ်ကာ ဇွန်လ ၅ ရက် မနေ့မနက်အစောပိုင်းမှာ ပျူစောထီးအားကောင်းတဲ့ မဒေါင်းလှရွာကို ဝင်ရောက်သွားတယ်လို့ သူကဆက်ပြောပါတယ်။
စစ်ကောင်စီတပ် ရွာထဲကနေထွက်သွားတာကြောင့် အဲဒီမနက်မှာပဲ ရွာသားတွေ ရွာထဲပြန်ဝင်ကြပေမယ့် မီးဘေးသင့်အိမ်ထောင်စုဝင် ၃၀၀ ဦးလောက်ကတော့ စာသင်ကျောင်းနဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ ခိုလှုံနေရတယ်လို့ ဆိုပါတယ်။
ကံသစ်ရွာကို ပြီးခဲ့တဲ့နှစ် ဇွန်လနဲ့ နိုဝင်ဘာလတို့မှာ ၁ ကြိမ်စီ မီးရှို့ပြီး အခုနှစ်မေလ ၁၉ ရက်နဲ့ ၂၀ ရက်မှာ တတိယအကြိမ်၊ ဇွန်လ ၄ ရက်နေ့မှာ စတုတ္ထအကြိမ် စစ်တပ်က မီးရှို့ခဲ့တာလို့ ပြောပါတယ်။


ပြီးခဲ့တဲ့နှစ်ပထမအကြိမ်မီးရှို့ခံရချိန်က နေအိမ် ၅၂ လုံး၊ ဒုတိယအကြိမ်မှာ ၇ လုံး၊ အခုနှစ်မေလမှာ ၂၀၆ လုံးနဲ့ အခုစတုတ္တအကြိမ်မှာ ၆၅ လုံးစုစုပေါင်း ၃၃၀ လုံးမီးရှို့ခံခဲ့ရတာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ဇွန်လ ၁ ရက် မနက်အစောပိုင်းကလည်း စစ်ကောင်စီတပ်ဟာ ခင်ဦးမြို့နယ်၊ ရွာသစ်ရွာကနေအိမ် ၇ လုံးကိုလည်း မီးရှို့ခဲ့ကြပါသေးတယ်။
စစ်အာဏာသိမ်းပြီးချိန်ကစလို့ စစ်တပ်က ခင်ဦးမြို့နယ်မှာ ကျေးရွာပေါင်း ၇၄ ရွာကို မီးရှို့ခဲ့ပြီး နေအိမ် ၆၀၀၀ ကျော် မီးလောင်ခံရကာ မီးဘေးသင့်ပြည်သူ ၃ သောင်းကျော် ရှိတယ်လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်ထားပါတယ်။
ဓါတ်ပုံ – ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး
စာတည်း – 007