ပေါင်းတည်မှာ PDF က ခြုံခိုတိုက်လို့ ဗိုလ်ကြီးအဆင့်ရှိသူ သေဆုံးဟုဆို

0 5
0 5

ပဲခူး၊ မေ ၃၀၊ ၂၀၂၃။

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ပဲခူးရိုးမအစပ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို မေလ ၂၈ ရက်က ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ဗိုလ်ကြီးအဆင့်ရှိသူတဦး သေဆုံးခဲ့တယ်လို့ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

ပေါင်းတည်မြို့နယ်၊ သစ်ပုတ်ရွာကနေ နွားသိုးတဲတိုက်ကို ရောက်လာတဲ့ အင်အား ၄၀ ဝန်းကျင်ပါ စစ်ကြောင်းကို နေ့လယ် ၂ နာရီလောက်မှာ ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁၊ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – PPDF က ခြုံခိုတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“သူတို့လာမယ်ဆိုတာကိုသိလို့ လက်နက်ငယ်နဲ့ ခြုံခိုတိုက်ခိုက်ခဲ့တာပါ။ ၂ ပွင့်အဆင့်ရှိတဲ့ ဗိုလ်ကြီးပါ ပွဲချင်းပြီး သေသွားတယ်။ အလောင်းကိုတော့ ၂၉ ရက်မနက်အစောပိုင်း ၂ နာရီလောက်မှာ တပ်မ ၆၆ အင်းမတပ် (အင်းမမြို့အခြေစိုက် တမခ ၆၆)ထဲ ကားတစီးမှာ ဆိုင်ကယ် ၄ စီး လုံခြုံရေးယူပြီး ပြန်သယ်သွားတာကို ကင်းထောက်တွေဆီက သတင်းရတယ်” လို့ PPDF တာဝန်ရှိသူက ပြောပါတယ်။

ဒီသေဆုံးမှုနဲ့ပက်သက်ပြီး မြေလတ်အသံက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

အခုစစ်ကြောင်းဟာ ပြီးခဲ့တဲ့မေလ ၁၅ ရက်က ပေါင်းတည်မြို့နယ်၊ ပဲခူးရိုးမအစပ်ကကျေးရွာတရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်မယ်ခြိမ်းခြောက်ပြီး ငွေကျပ် ၂၅ သိန်းတောင်းယူခဲ့တဲ့စစ်ကြောင်းဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင် ပေါင်းတည်မြို့နယ်၊ သစ်ပုတ်အုပ်စုရှိ မိုင်တဲတာဝါတိုင် အနီးမှာလည်း စစ်သားအင်အား ၁၅ ဦးလောက်ဟာ လွန်ခဲ့တဲ့ တနှစ်ခွဲလောက်ကတည်းက စခန်းချထားတာဖြစ်သလို လာသမျှစစ်ကြောင်းတွေဟာလည်း အဲ့ဒီနေရာမှာ ခေတ္တစခန်းချနေကျ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် ဇူလိူင် ၂၈ ရက်နေ့လယ်ကလည်း စစ်ကောင်စီတပ်နဲ့ ပေါင်းတည်ပြည်သူ့ကာကွယ်ရေးတပ်တို့ သစ်ပုတ်ရွာအနီးမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်က အရာရှိတဦးအပါ စစ်သား ၄ ဦးသေဆုံးကာ MA – 3 တလက်နဲ့ ပစ္စတို ၁ လက်အပြင် လက်ကိုင်ဖုန်း ၄ လုံး သိမ်းယူနိုင်ခဲ့ပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။