ပဲခူးမှာ အသက် ၂၀ ဝန်းကျင်အရွယ် အမျိုးသမီးငယ်တဦး ကြိုးဆွဲချသေဆုံး

0 1
0 1

ပဲခူး၊ ဖေဖော်ဝါရီ ၁၄၊ ၂၀၂၅။

ပဲခူးမြို့နယ်၊ ညောင်အင်းကျေးရွာမှာ အသက် ၂၀ အရွယ်အမျိုးသမီးငယ်တဦး ကြိုးဆွဲချသေဆုံးသွားတယ်လို့ နာရေးကိစ္စမှာ ပါဝင်ကူညီပေးခဲ့သူတွေထံက သိရပါတယ်။

သေဆုံးသူမှာ ညောင်အင်းကျေးရွာရှိ ၄ ခန်းတွဲအဆောင်တခုမှာငှားရမ်းနေထိုင်တဲ့ အသက် ၂၀ ဝန်းကျင်အရွယ် မသိင်္ဂီစိုး ဖြစ်ပြီး ဖေဖော်ဝါရီ ၁၃ ရက် မနေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်မှာ ၎င်းရဲ့အဆောင်မီးဖိုချောင်ဝင်ပေါက် ထုတ်တန်းမှာ ကြိုးဆွဲချသေဆုံးနေတာကို မိသားစုဝင်တွေက တွေ့ရှိခဲ့ရတာလို့ ဆိုပါတယ်။

” ကောင်မလေးက စိတ်ညစ်ပြီးတော့ သေသွားတယ်လို့ပြောတာပဲ။ သူရည်းစားနဲ့ပြတ်သလိုလို ဘာလိုလိုတော့ ရဲတွေမေးနေတာတော့ကြားတယ်။ ကောင်မလေး(မိသားစု)က အဲ့အဆောင်မှာ ပြောင်းလာနေတာ မကြာသေးဘူး။”လို့ နာရေးကိစ္စမှာ ပါဝင်ကူညီပေးခဲ့သူတဦးက မြေလတ်အသံကို ပြောပါတယ်။

သေဆုံးသူအမျိုးသမီးဟာ ပဲခူးမြို့ရှိ စက်ရုံတခုမှာ အလုပ်လုပ်ကိုင်နေသူဖြစ်တယ်လို့ သိရပါတယ်။

သေဆုံးအမျိုးသမီးငယ်ရဲ့အလောင်းကို ဒေသလူမှုကူညီရေးအသင်းတွေနဲ့ဒေသခံတွေက ပဲခူးဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီး ဖေဖော်ဝါရီ ၁၄ ရက် ဒီကနေ့ နေ့လယ်ပိုင်းမှာ ကျေးရွာမှာပဲ သင်္ဂြိုဟ်သွားမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၇ ရက်ကလည်း ပဲခူးမြို့၊ အလိုင်နီကျေးရွာအနီး ရော်ဘာခြံမှာ သက်ကြီးပိုင်းအမျိုးသမီး ၁ ဦး ကြိုးဆွဲချသေဆုံးသွားခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း – ဟိန်းစံ

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။