စစ်ကောင်စီတပ်က ဘုတလင်မြို့နယ် NLD ရုံးကို PDFတွေ နေထိုင်တယ်ဆိုတဲ့သံသယနဲ့ ဖျက်ဆီးသွား

0 0
0 0

စစ်ကိုင်း၊ မေ ၂၈၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် – NLDပါတီရုံးကို စစ်ကောင်စီတပ်သားတွေက မေလ ၂၅ ရက် ည ၇ နာရီဝန်းကျင်မှာ ဝင်ရောက်ဖျက်ဆီးသွားခဲ့တယ်လို့ သိရပါတယ်။

အင်အား ၅၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်သားတွေဟာ PDF တွေနေထိုင်နိုင်တယ်ဆိုတဲ့သံသယနဲ့ ပါတီရုံးကိုလာရောက်ဖျက်ဆီးသွားတာလို့ မြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။

“စကစတွေက အဲဒီရုံးမှာ ကလေးတွေ(PDF) ရှိတယ်ဆိုပြီး သတင်းရလို့လာဖျက်သွားတာဗျ။ တကယ်တော့ အဲ့ရုံးမှာဘယ်သူမှမနေကြဘူးဗျ။ အဲ့ရုံးကိုအသုံးမပြုတာကြာပါပြီ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေက ရုံးအတွင်းမှာရှိတဲ့ ထိုင်ခုံ၊ မှန်ဗီရို၊ မှန်တံခါးတွေကို ရိုက်ချိုးဖျက်ဆီးခဲ့သလို ရုံးစာရွက်စာတမ်းအဟောင်းတွေကိုလည်း ဖျက်ဆီးသွားပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း အဲ့ဒီရုံးကို စစ်ကောင်စီတပ်သားတွေ လာရောက်ဖျက်စီးတာ အခုတကြိမ်နဲ့ဆိုရင် ၄ ကြိမ်အထိ ရှိပြီလို့ သိရပါတယ်။

စစ်အာဏာသိမ်းပြီးနောက် စစ်အုပ်စုက မြန်မာနိုင်ငံတဝှမ်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD ပါတီရုံးတွေကို ဖျက်ဆီးမှုတွေပြုလုပ်ခဲ့သလို ပြီးခဲ့တဲ့မတ်လအတွင်းက စစ်ကောင်စီလက်အောက်ခံရွေး ကောက်ပွဲကော်မရှင်က NLD ပါတီဖျက်သိမ်းကြောင်းကြေငြာပြီးတဲ့နောက် ပါတီရုံးတွေကို ဖျက်ဆီးမှုတွေ လုပ်ဆောင်နေကာ ဧပြီလအတွင်းကလည်း သာယာဝတီခရိုင်နဲ့မြို့နယ် NLD ပါတီရုံးတွေကို ဖျက်ဆီးခဲ့ပါသေးတယ်။

စာတည်း- ရင်ငြိမ်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။