မင်းလှမှာ ကားနဲ့ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက် ဆိုင်ကယ်သမား ၂ ဦးပွဲချင်းပြီးသေ

0 1
0 1

ပဲခူး၊ မေ ၂၇၊ ၂၀၂၃။

ပဲခူးတိုင်းအနောက်ပိုင်း၊ မင်းလှမြို့နယ်၊ မင်းလှ – မိုးညိုလမ်းမှာ မေလ ၂၆ ရက်နေ့လယ်က ကားနဲ့ဆိုင်ကယ် မျက်နာချင်းဆိုင်တိုက်မှုဖြစ်ပွားပြီး ဆိုင်ကယ်ပေါ်ပါ အမျိုးသား ၂ ဦး ပွဲချင်းပြီးသေဆုံးသွားတယ်လို့ မြို့ခံတဦးက ပြောပါတယ်။

မင်းလှမြို့နယ်၊ ထန်းပင်ကုန်းရွာနဲ့အင်းဘုတ်ကုန်းရွာကြားမှာ မိုးညိုကနေမင်းလှကို ပြန်တဲ့ကားနဲ့ မျက်နှာချင်းဆိုင်လာတဲ့ဆိုင်ကယ်တို့ တိုက်မိခဲ့တာဖြစ်ပါတယ်။

“ဆိုင်ကယ်က ကားခေါင်းအောက်ကို (ဆိုင်ကယ်)ရှေ့ဘီးရောက်သွားတာ။ ဆိုင်ကယ်က မလဲဘူး။ လူတွေကသာ နောက်ပြန်ကျတဲ့သဘော။ ၂ ဦးစလုံးက ဆိုင်ကယ်စီးဦးထုပ်မပါဘူး။ ၂ ဦးစလုံးပွဲချင်းပြီးသေတာ အသက် ၃၀အရွယ်ဝန်းကျင်ပဲရှိကြအုံးမယ်။ မင်းလှမြို့နယ်သရက်တောရွာနဲ့ တောင်ပို့ကြီးရွာက တယောက်လို့တော့ သိရတယ်”လို့ ဒေသခံတဦးကပြောပါတယ်။

အဲဒီလမ်းဟာ လမ်းအကျယ် ၁၅ ပေခန့်နဲ့ အမြင့် 6 လက်မလောက်ရှိပြီး လှိုင်းတွန့်တွေရှိတယ်လို့လည်း ဒေသခံတဦးက ရှင်းပြပါတယ်။

“လမ်းအလယ်ကခုံးနေတယ် နောက်ပြီး ကားတစီးနဲ့ ဆိုင်ကယ်တစီးပဲမောင်းလို့ရမယ်။ ကားနဲ့ဆိုင်ကယ် အရှိန်နဲ့ရှောင်မယ်ဆိုရင် အန္တရာယ်များတယ်။ တချို့က လမ်းဘေးကိုကျမှာကြောက်ပြီး လမ်းရဲ့အလယ်က မောင်းကြတာမျိုးတွေလည်းရှိတယ်”လို့ သူ ဆက်ရှင်းပြပါတယ်။

အလောင်းကို မင်းလှမြို့နယ်ပရဟိတအသင်းကားနဲ့ မင်းလှပြည်သူ့ဆေးရုံကိုပို့ဆောင်ထားတယ်လို့ သိရပါတယ်။

အခုနှစ်မတ်လ ၁၁ ရက်ကလည်း မင်းလှမြို့နယ်စစ်ကွင်းမြို့၊ ရှားဖြူကွင်းရွာကနေ ပြည်မြို့ဘက်ကို ဘုရားဆင်းတုတော်သွားပင့်တဲ့ Light Truckကားက လမ်းဘေးရပ်ထားတဲ့ကားတစီးကိုဝင်တိုက်မိလို့ လိုက်ပါလာတဲ့ဘုန်းကြီး ၁ ပါး ခြေ ၂ ချောင်းကျိုးပြီး လိုက်ပါလာတဲ့ရွာသူရွာသား၂၀ ဦးထက်မနည်းထိခိုက်ဒဏ် ရာရခဲ့ပါသေးတယ်။

စာတည်း – လင်းဇေ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။