ပေါင်းတည်မှာ ရာအိမ်မှူးတဦး သေနတ်နဲ့ပစ်သတ်ခံရ

0 1
0 1

ပဲခူး၊ မေ ၂၃၊ ၂၀၂၃။

ပဲခူးတိုင်းအနောက်ခြမ်းပေါင်းတည်မြို့နယ်၊ ညောင်နီပင်ကျေးရွာက ရာအိမ်မှူးတဦးကို မေလ ၂၂ ရက် မနေ့မနက်က သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ ပေါင်းတည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDFက သတင်းထုတ်ပြန်ထားပါတယ်။

ပစ်ခတ်ခံရသူဟာ ပေါင်းတည်မြို့နယ်၊ ညောင်နီပင်ရွာက အသက် ၅၃ နှစ်အရွယ် ကိုသန်းနိုင်(ခ)နိုင်ကြီးဖြစ်ပြီး တရွာတည်းနေထိုင်ကြတဲ့ ယောက္ခမဖြစ်သူရဲ့နေအိမ်ကို ရောက်နေတဲ့အချိန်မှာ ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PPDF)က သေနတ်နဲ့ပစ်ခတ်ခဲ့တာလို့သိရပါတယ်။

“သေနတ်နဲ့ပစ်တာကတော့ အချက်ရေက များသွားတယ်။ သူ(ကိုသန်းနိုင်)က သူ့ကို ပစ်မယ်မှန်းသိလို့ ထင်တယ်၊ ထွက်ပြေးတာမှာ လိုက်ပစ်ရတာ အတို ၂ လက်၊ အရှည် ၁လက်နဲ့ကို ပစ်လိုက်ရတာ။ ကိစ္စပြီးတော့ အေးအေး ဆေးဆေးပဲပြန်လာခဲ့တယ်”လို့ ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့PPDF ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

အခင်းဖြစ်ပွားခဲ့တဲ့ ညောင်နီပင်ရွာကို နေ့လယ် ၁၂ နာရီလောက်မှာ စစ်တပ်က ဆိုင်ကယ် ၃ စီး၊ ဖောကား ၁ စီးနဲ့ စစ်သားအင်အား ၃၀ နီးပါးရောက်ရှိလာပြီး စစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

စစ်ကောင်စီရဲ့ ဝါဒဖြန့်တယ်လီဂရမ်မှာလည်း အခင်းဖြစ်နေရာဝန်းကျင်ကနေ ၅.၅၆ ကျည် ၁ တောင့်၊ ၉မမကျည်ခွံ ၂ ခု၊ ၅.၅၆ ကျည်ခွံ ၇ ခုတွေ့ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲဒီတိုက်ခိုက်မှုကို ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့PPDF၊ ပြည်ခရိုင် PDF ၃၆၀၁ တပ်ရင်း၊ တပ်ခွဲ ၄ က လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ဧပြီလ ၂၀ ရက် ညနေကလည်း ပေါင်းတည်မြို့နယ် ဇီးပင်လှကျေးရွာက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ကိုဌေးအောင်ကို ဘုရားငါးဆူရွာနဲ့ မြို့ကြီးရွာကြားလမ်းမှာ ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁၊ မြို့ပြပြောက်ကျား တပ်ခွဲ ၃ နဲ့ တပ်ခွဲ ၄ တို့က သေနတ်နဲ့ပစ်သတ်ခဲ့ပါသေးတယ်။

စာတည်း-လင်းဇေ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။