တောင်ငူထောင်က နိုင်ကျဉ်းအပါအဝင် ၁၀ဦး သေနတ်လုပစ်ခတ်ထွက်ပြေး၊ တပ်ကြပ် ၁ ဦးသေ ၁ ဦးဒဏ်ရာရ

0 2
0 2

ပဲခူး၊ မေ ၁၈၊ ၂၀၂၃။

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ တောင်ငူအကျဥ်းထောင်က အထူးတရားရုံးမှာ နိုင်ကျဉ်းအပါအဝင် အကျဥ်းသား ၁၀ဦးက သေနတ်လုကာ ပစ်ခတ်ထွက်ပြေးလို့ စစ်ကောင်စီတပ်ကြပ် ၁ ဦးသေပြီး ၁ ဦးဒဏ်ရာရသွားပါတယ်။

မေလ ၁၈ ရက် နေ့လယ် ၃နာရီ ရုံးထုတ်ချိန်မှာ အကျဥ်းသားတွေက အစောင့်တွေဆီကသေနတ်လုယူပြီး အစောင့်တွေကို ပစ်ခတ်ထွက်ပြေးသွားတယ်လို့ ဒေသခံတဦးကပြောပါတယ်။

“အစောင့်အင်အားနည်းတော့ သိရသလောက် စကစ အစောင့်တွေထဲက တယောက်သေတယ်။ တယောက်ကတော့ ​ခြေထောက်ကိုထိပြီး ဒဏ်ရာရသွားတယ်။ အကျဥ်းသားတွေကတော့ လွတ်သွားတယ်”လို့ ပြောပါတယ်။

အကျဥ်းသားတွေ ပစ်ခတ်လို့ စစ်ကောင်စီတပ် အမှတ် ၅ ပညာရေးကျောင်းက တပ်ကြပ်မောင်မျိုး သေဆုံးပြီး ပျူစောထီး ကျော်မြင့်ဆိုသူမှာ ခြေထောက်သေနတ်ထိမှန်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီအပြင် ထွက်ပြေးသွားတဲ့ အကျဥ်းသားတွေက ကာဘိုင် ၁ လက်၊ MA 11 ၁ လက်၊ ခြောက်လုံးပြူး ၁ လက်၊ G – 3 ၁ လက်တို့ကို ယူဆောင်ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

ထွက်ပြေးသွားသူတွေဟာ စစ်ကောင်စီဘက်က အကြမ်းဖက်ဥပဒေပုဒ်မတွေတပ်ပြီး ဖမ်းခံထားရတဲ့ သန့်ဇင်၊ အောင်ကျော်ဦး၊ ဗေဒါ (ခ) ဘုန်းညွန့်ဇော်၊ ချစ်မင်းသူ၊ ဇင်ကိုကိုအောင်၊ သီဟအောင်၊ ငြိမ်းချမ်းအောင်၊ တိုးနိုင်ထွန်း၊ စည်သူသန်းအေး၊ ခင်မျိုးကြည်တို့ဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီထောက်ခံ တယ်လီဂရမ်တွေမှာတော့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြစ်သော ၄၉ (က)/ ၅၀ (က)/ ၅၀ (ည)/ ၅၁ (ဂ)/ ၅၂ (က) အမှုမှ သန့်ဇင်၊ အောင်ကျော်ဦးနှင့် ဗေဒါ (ခ) ဘုန်းညွန့်ဇော် တို့မှာ ထွက်ပြေးလွတ်မြောက်သွားပြီး ချစ်မင်းသူ၊ ဇင်ကိုကိုအောင်၊ သီဟအောင်၊ ငြိမ်းချမ်းအောင်၊ တိုးနိုင်ထွန်း၊ စည်သူသန်းအေး၊ ခင်မျိုးကြည်တို့ (၇)ဦးကို ပြန်လည်ဖမ်းမိခဲ့ပြီးဖြစ်တယ်လို့ ဖော်ပြထားပေမယ့် မြေလတ်အသံက အတည်မပြုနိုင်သေးပါဘူး။

စာတည်း – ဇို

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။