ပေါက်၊ ဒီဇင်ဘာ ၁၅၊ ၂၀၂၅။
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ သပြေညိုတောင်ပေါ်ကို စစ်ကော်မရှင်တပ်က ၄ ရက်ဆက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အဆိုပါတောင်ပေါ်ရှိ သပြေညိုရေနံမှော်ပေါ်ကျရောက်ပေါက်ကွဲပြီး ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့ ပေါက်မြို့ခံတွေဆီက သိရပါတယ်။
ဒီဇင်ဘာ ၁၂ ရက် နေ့လယ် ၁၂ နာရီမှာ ၁ ကြိမ်၊ ၁၃ ရက် နေ့လယ် ၂ နာရီခွဲမှာ ၁ ကြိမ်၊ ၁၄ ရက် ညနေ ၄ နာရီမှာ ၁ ကြိမ်နဲ့ ၁၅ ရက် နေ့လယ် ၁၂ နာရီ ၁၅ မိနစ်မှာ ၁ ကြိမ် ဂျိုင်ရိုကော်ပတာနဲ့ ဗုံးကြဲချခဲ့တာလို့ ဆိုပါတယ်။

“၁၂ ရက်နေ့ကနေ ၁၅ ရက်အထိ ကြဲတာ၊ ၁၂ ရက်က လူမနေတဲ့ တောင်တွေပေါ်ကျတယ်၊ ၁၃ ရက်ကလည်း ၃ ကြိမ်လောက်လာကြဲတယ်၊ ဆီချက်တဲ့ ချက်ဖိုနားကျတယ်၊ ၁၄ ရက်ကတော့ ၃ ကြိမ်မြောက်လာကြဲတာက ရေနံကျင်းပေါ်ကျပြီး မီးလောင်သွားတယ်၊ ဒီနေ့ နေ့လယ် ၁၂ နာရီ ၁၅ မိနစ်ကလည်း ကြဲသွားတယ်၊ ၁၂၀ မမ ဗုံးသီးတွေနဲ့ ကြဲတာ၊ ဗုံးသီးတွေကို ကပစ ထုတ်မဟုတ်ဘဲ ကွန်ဂျူး (PVC ပိုက်)နဲ့ လက်လုပ်ထားတာကြောင့်ထင်တယ် ပေါက်ကွဲအားပိုပြင်းတယ်” လို့ ပေါက်မြို့ခံတဦးက ပြောပါတယ်။
ဒီဗုံးကြဲမှုကြောင့် ဒေသခံတွေထိခိုက်မှုမရှိဘဲ ရေနံမှော်က ချက်ဖို ၁ ခုနဲ့ တဲ ၁ လုံးမီးလောင်ပျက်စီးပြီး ဒေသခံထိခိုက်မှုအခြေအနေကိုတော့ မကြားမိသေးဘူးလို့ ဆိုပါတယ်။

“ဒေသခံတွေက လက်လုပ်လက်စားတွေပါ၊ ထိခိုက်မှုတော့ မကြားမိသေးဘူး၊ ချက်ဖို ၁ ခုနဲ့ တဲ ၁ လုံးတော့ မီးလောင်ပျက်စီးသွားတယ်၊ အရင်တခါတွေက ကြဲတာခံရပြီးကတည်းက ဝေဟင် လေကြောင်းသံကြားရင် ကတုတ်ကျင်းထဲဝင်နေကြတော့တာ” လို့ သူက ဆက်ပြောပါတယ်။
ပေါက်မြို့နယ်၊ သပြေညိုတောင်ပေါ်က သပြေညိုရေနံမှော်ဒေသတဝိုက်မှာ ဒေသခံထောင်ကျော်နေထိုင်ကြပြီး အများစုက ရေနံလုပ်ငန်းလုပ်ကိုင်စားသောက်နေကြသူတွေဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက်မနက် ၁၀ နာရီဝန်းကျင်မှာလည်း သပြေညိုရေနံမှော်ကို စစ်ကော်မရှင်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အလုပ်သမားလင်မယား ၂ ဦးသေဆုံးပြီး ကလေးဖြစ်သူ ဒဏ်ရာရခဲ့ပါသေးတယ်။
စာတည်း – လင်း