ဝေါမှာစစ်ဆေးရေးလုပ်နေတဲ့ ပျူစောထီးတွေတိုက်ခိုက်ခံရပြီး ပျူစောထီးခေါင်းဆောင်သေဆုံး

0 13
0 13

ဝေါ၊ ဒီဇင်ဘာ ၁၃၊ ၂၀၂၅။

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ လက်ပန်ကျေးရွာမှာ စစ်ဆေးရေးလုပ်နေတဲ့ ပျူစောထီးနဲ့ရဲတွေ စနိုက်ပါနဲ့ ပစ်ခံရပြီးနောက် အဲ့ဒီထဲကပျူစောထီးခေါင်းဆောင်သေဆုံးတယ်လို့ ပဲခူးခရိုင်ပကဖ တာဝန်ရှိသူတွေဆီက သိရပါတယ်။

ဒီဇင်ဘာ ၁၃ ရက် မနက် ၉ နာရီမှာ ကျေးရွာအနောက်ဘက်စစ်တောင်းမြစ်ဘေး ကုန်းပေါ်ကြီးဂိတ်မှာ အင်အား ၁၀ ဦးကျော်နဲ့စစ်ဆေးနေတဲ့ ပျူစောထီးနဲ့ ရဲတွေကိုသွားရောက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

သွားပစ်တာက ၂ ချက်၊ ၁ ချက်က ပျူခေါင်းဆောင် ဝမ်းဗိုက်ထိမှန်ပြီးလဲကျသွားတာ မြင်ရတယ်။ နောက် ၁ ချက်က ရဲ ၁ ဦးထိတယ်”လို့ ပဲခူးခရိုင်ပကဖ တာဝန်ရှိသူတဦးက ပြောပါတယ်။

လက်ပန်ရွာထိပ်မှာ ရဲနဲ့ပျူစောထီးတွေကဂိတ်ချထားပြီး ကျေးရွာအဝင်အထွက်တွေကို အမြဲစစ်ဆေးလေ့ရှိကာ ရွာအဝင်အထွက်တွေကို ပျူစောထီးတွေထုတ်ပေးတဲ့လက်မှတ်ပါမှ ဝင်ထွက်ခွင့်ရှိတာလို့ ဆိုပါတယ်။

စနိုက်ပါနဲ့ပစ်ခံရပြီးနောက် ပျူစောထီးခေါင်းဆောင် အသက် ၅၀ ကျော်အရွယ်ရှိ ကုလားဘကျွန်း ဆိုသူမှာ ဗိုက်ပွင့်သေဆုံးပြီး ရဲ ၁ ဦးလက်ထိဒဏ်ရာရသွားတာကို ရွာခံတွေဆီက ပြန်လည်စုံစမ်းသိရတယ်လို့ ဆိုပါတယ်။

အဆိုပါပစ်ခတ်မှုကိုတော့ ပဲခူးခရိုင်ပကဖ နဲ့အတူ ပူးပေါင်းအဖွဲ့တွေဘက်က သွားရောက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးနောက် မြစ်ကျိုးဘက်ကဆင်းလာတဲ့ စစ်ကော်မရှင်အဖွဲ့ဝင် အင်အား ၅၀ ခန့်ဟာ ကား ၂ စီးနဲ့ ကျေးရွာကိုရောက်လာပြီး လမ်းပိတ်စစ်ဆေးတာတွေ၊ နေအိမ်တွေဝင်စစ်တာတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၁၁ ရက်ကလည်း ဝေါမြို့နယ်၊ မြစ်ကျိုးကျေးရွာ စျေးအနီးမှာ မြစ်ကျိုးရဲစခန်း နယ်ထိန်းရဲဒုတပ်ကြပ် ၁ ဦးပစ်သတ်ခံရပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။