မကွေး၊ မေ ၁၃၊ ၂၀၂၃။
မကွေးမြို့နဲ့မင်းဘူးမြို့ကို ဆက်သွယ်ထားတဲ့ ဧရာဝတီတံတား(မကွေး)ပေါ်မှာ မေလ ၁၂ရက် မနေ့ည ၉ နာရီခန့်က ဆိုင်ကယ်ကို ကုန်တင် ၁၂ ဘီးကားက ဝင်တိုက်လို့ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။
မင်းဘူးမြို့ဘက်ခြမ်း ဧရာဝတီတံတား(မကွေး)ပေါ်က တံတားတိုင်အမှတ် P.13 အနီးမှာ ဆိုင်ကယ်ရပ်ပြီး အတူရှိနေတဲ့စုံတွဲကို မကွေးဘက်က မောင်းလာတဲ့ ၁၂ ဘီး ကုန်တင်ယာဥ်က ဝင်တိုက်ခဲ့တာကြောင့် ၂ ဦးစလုံး နေရာမှာပဲသေဆုံးသွားတယ်လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။
“ဖြစ်တဲ့အချိန်မှာ မီးကလည်းပျက်နေတော့ တံတားမှာလည်း မီးမလင်းဘူး။ ဖြူနီကျားနေရာမှာ သူတို့စုံတွဲက ဆိုင်ကယ်ပျက်လို့ ပြင်နေတာလား၊ ရပ်စကားပြောနေတာလား မသိဘူး။ ကုန်တင်ယာဥ်က ဝင်တိုက်သွားတာ” လို့ပြောပါတယ်။
သေဆုံးသွားသူ အမျိုးသားနဲ့ အမျိုးသမီးဟာ အသက် ၂၀ နှစ်ခန့်အရွယ်တွေဖြစ်ပြီး မကွေးမြို့မှာ နေထိုင်သူတွေဖြစ်ကာ သေဆုံးသူ ၂ ဦးရဲ့အလောင်းတွေကိုတော့ ဒေသလူမှုကူညီရေးအသင်းတွေက မင်းဘူးဆေးရုံကို ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။
မေလ ၁၃ ရက်နေ့ မနက်မှာတော့ လူငယ်အမျိုးသားရဲ့ မိသားစုဝင်တွေက အလောင်းထုတ်ဖို့ မင်းဘူးဆေးရုံကို ဆက်သွယ်လာတယ်လို့သိရပြီး အလောင်းတွေကိုပြန်လည်သယ်ယူမယ့် အခြေအနေတွေကို မသိရသေးဘူးလို့ လူမှုကူညီရေးအသင်းတာဝန်ရှိသူတွေက ပြောပါတယ်။
စာတည်း-ရင်ငြိမ်း