ဗန်းမောက်မှာ SNA တပ်သားအလောင်း ၆ လောင်းတွေ့၊ PDF တွေက သင်္ဂြိုဟ်ပေးခဲ့ရ

0 1
0 1

ဗန်းမောက်၊ မေ ၁၁၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်အနောက်ဖက် ဆိတ်စခူမှော်အနီးမှာ မေလ ၅ ရက်နေ့က ပုပ်ပွ၊ အရိုးစုတွေ ဖြစ်နေတဲ့ ရှမ်းနီအမျိုးသားတပ် – SNA တပ်သားအလောင်း ၆ လောင်းကို တွေ့ရှိခဲ့တယ်လို့ Bamauk Revolution – BR မှ တာဝန်ရှိသူက ပြောပါတယ်။

ဆိတ်စခူမှော်အနီးမှာ ဧပြီလနောက်ဆုံးပတ်အတွင်းက စစ်ကောင်စီ၊ SNA ပူးပေါင်းအဖွဲ့နဲ့ ဒေသခံကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ခဲ့ပြီးနောက် ကာကွယ်ရေးတပ်တွေဘက်က နယ်မြေရှင်းလင်းရေးပြုလုပ်ဖို့ လာချိန်မှာ အဲ့ဒီအလောင်းတွေကို တွေ့ခဲ့ရတာပါ။

“ဧပြီလက ဆိတ်စခူမှော်နားမှာ တိုက်ပွဲပြင်းထန် ဖြစ်ခဲ့တယ်။ အဲ့ဒါကို ကျနော်တို့က နယ်မြေရှင်းလင်းရေးဝင်လုပ်တာ။ အဲဒီမှာ ရေကန်ထဲနဲ့ ခြုံတောတွေထဲမှာ မျောနေတဲ့အလောင်းတွေကို တွေ့ရတာ။ SNA တွေလည်းပါတယ်။ ကျနော်တို့ဖက်မှာက SNA တွေလည်းလှုပ်ရှားတယ်။ အလောင်းတွေကတော့ တော်တော်လည်းကို ပုပ်နံ့တွေထွက်နေတာ။ တချို့ဆိုရင် အရိုးစုတွေပဲ ကျန်တော့တယ်” လို့ BR အဖွဲ့တာဝန်ရှိသူက ဆိုပါတယ်။

အလောင်းတွေမှာ ပူးတွဲပါနေတဲ့ အမှတ်အသားအချို့နဲ့ ယူနီဖောင်းတွေအရ သေဆုံးသူတွေဟာ SNA တပ်သားတွေဖြစ်တယ်ဆိုပြီး အတည်ပြုခဲ့တာလို့လည်း ဆိုပါတယ်။

အလောင်းတွေကို မေလ ၅ ရက်၊ မနက် ၉ နာရီလောက်မှာတွေ့ခဲ့ပြီး နေ့ချင်းဆိုသလို နေ့လယ် ၂ နာရီလောက်မှာ ဗန်းမောက် PDF တွေက မြေမြုပ်သင်္ဂြိုဟ်ပေးခဲ့တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။