ကျီကုန်းရွာ ၂ ရက်တာမီးရှို့ခံရလို့ နေအိမ် ၁၅ လုံးပျက်စီးပြီး စစ်ရှောင် ၅ ထောင်ကျော်ရိက္ခာလိုအပ်နေ

0 12
0 12

မြေလတ်အသံ၊ ဒီဇင်ဘာ ၇၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကျီကုန်းကျေးရွာကို စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေက ၂ ရက်ဆက်တိုက် မီးရှို့ခံရကာ စစ်ကြောင်းကြောင့်ထွက်ပြေးနေရတဲ့ဒေသခံတွေလည်း ရိက္ခာတွေလိုအပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ကျီကုန်းရွာကို အင်အား ၂၀၀ ခန့်ရှိတဲ့ စစ်ကော်မရှင်တပ်သားတွေက ဒီဇင်ဘာ ၂ ရက် နဲ့ ၅ ရက်မှာ မီးရှို့ခဲ့တာကြောင့် လူနေအိမ် ၁၅ လုံးပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

“၂ ရက်နေ့က ၁ ကြိမ်။ ၅ ရက်နေ့ ညနေပိုင်းက ၁ ကြိမ်မီးရှို့တယ်ဗျာ။ ရွာက အိမ်ခြေ ၃၊ ၄ ထောင်လောက်ရှိမယ်ဗျာ။ ယခုချိန်ထိ**စစ်ကြောင်းက ရှိသေးလို့ ရှင်းလင်းရေးမဝင်နိုင်သေးတော့ မသိရသေးဘူးဗျာ။”လို့ ချောင်းဦးဒေသခံအမျိုးသားတဦးက ပြောပါတယ်။

ဒီဇင်ဘာ ၁ ရက်မနက်ပိုင်းမှာ ချောင်းဦး မြို့ပေါ်ကနေထွက်ခွာလာတဲ့ အထက်ပါစစ်ကြောင်းက ကျီကုန်းကျေးရွာအတွင်း ဝင်ရောက်တပ်စွဲကာ တိုက်ပွဲဖြစ်တာမရှိဘဲ အခုလိုမီးရှို့ခဲ့တာလို့ သူက ဆိုပါတယ်။

ကျီကုန်းရွာအပါအဝင် အနီးရှိ ခင်မွန်ရွာ၊ အမြင့်ရွာက ဒေသခံ ၅,၀၀၀ ခန့်ဟာ နိုဝင်ဘာ ၃၀ ရက်ကစတင်ပြီး နေရပ်စွန့်ခွာတိမ်းရှောင်နေကြရတာ ဒီဇင်ဘာ ၇ ရက် ဒီကနေ့အထိ နေရပ်ကိုမပြန်နိုင်ကြသေးတာကြောင့် ရိက္ခာတွေလည်းလိုအပ်နေတယ်လို့ အထက်ပါအမျိုးသားက ပြောပါတယ်။

” ၃၀ ရက်နေ့ကစပြီး စစ်ရှောင်ရတာ။ ဒီနေ့ရောဆို ၈ ရက်ရှိပြီဗျာ။ အဝတ်အထည်၊ စားဖို့ဆန်တွေ လိုအပ်နေတယ်။ ပြည်သူတွေ တတ်နိုင်သလောက်လေး ကူညီပေးကြပါဦး”လို့ သူကဆိုပါတယ်။

အဆိုပါစစ်ကော်မရှင်တပ်သားတွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက်ညနေ ၄ နာရီကျော်မှာလည်း ချောင်းဦးမြို့ပေါ်ကတဆင့် ကျီကုန်းကျေးရွာကိုဝင်ရောက်ကာ အသက် ၄၃ နှစ်အရွယ် ကိုမင်းနိုင်ကို ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ကိုမင်းနိုင်ကိုပစ်သတ်ပြီး ကျေးရွာကနေထွက်ခွာပြီး ဒီဇင်ဘာ ၁ ရက်မနက်ပိုင်းမှာ ပြန်လည် စစ်ကြောင်းထိုးလာပြီးနောက် ကျီကုန်းကျေးရွာကိုဝင်ရောက်မီးရှို့ကာ ဒီဇင်ဘာ ၇ ရက်ဒီကနေ့အထိ တပ်စွဲထားတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။