ရေတာရှည်က စစ်တပ်သတင်းပေးဆိုသူ အမျိုးသားတဦး ရှင်းလင်းခံရ

0 1
0 1

ရေတာရှည်၊ မေ ၂၊ ၂၀၂၃။

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ဆွာမကြီးကျေးရွာက စစ်တပ်သတင်းပေး အမျိုးသားတဦး မေလ ၁ ရက်မနက် ၉ နာရီလောက်မှာ ပစ်ခတ်ရှင်းလင်းခံခဲ့ရပါတယ်။

ကူးတို့လုပ်ငန်းလုပ်ကိုင်သူ အသက် ၆၀ နှစ်အရွယ် ဦးကောက်ဆိုသူကို သူနေထိုင်တဲ့ မြစ်ဆိပ်နေအိမ်မှာ ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ရေတာရှည်မြို့နယ် ပကဖ တာဝန်ရှိသူ တဦးက ပြောပါတယ်။

“စကစတွေ ဝင်လာရင် သူ့ကူးတို့ကနေ ကူးခိုင်းပြီ PDF တွေရှိတဲ့နေရာကို လမ်းပြပေးတာအပြင် ကျေးရွာအတော်များများရဲ့ PDF ထောက်ခံသူတွေကို သတင်းပေးနေသူ ဖြစ်တယ်။ ပြီးတော့ သူက စကစနဲ့ပေါင်းပြီး တနယ်လုံးကို ဒုက္ခပေးနေတဲ့ ဒလန်အကြီးစားဖြစ်လို့ ရှင်းလိုက်တာ” လို့ ပြောပါတယ်။

သေနတ်နဲ့ပစ်ခတ်ရှင်းလင်းခံရတဲ့အတွက် ဦးကောက်မှာ ဦးခေါင်းကျည်ထိဒဏ်ရာနဲ့နေရာမှာပဲ သေဆုံးသွားပြီးနောက် စစ်ကောင်စီတပ်သားတွေ လာရောက်စစ်ဆေးကာ အလောင်းကိုတော့ နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံကို ယူသွားတယ်လို့ ဆိုပါတယ်။

စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာတော့ ဦးကောက်ဟာ NLD ပါတီထောက်ခံသူဖြစ်ပြီး ထောက်ပံ့ကြေးမပေးနိုင်လို့ လာရောက်သတ်ဖြတ်သွားတာဖြစ်တယ်လို့ ဖော်ပြနေကြပါတယ်။

မတ်လ ၂၈ ရက်ကလည်း ရေတာရှည်မြို့နယ်၊ ကျွဲရိုင်းပြင်ကျေးရွာအုပ်စု၊ ကရင်ချောင်းရွာနေ စစ်ကောင်စီသတင်းပေး အသက် ၂၈ နှစ်အရွယ် ကိုလွင်မင်းဦးကို People Defence force – Yedeshe က ပစ်ခတ်ရှင်းလင်းခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။