ပျော်ဘွယ်၊ နိုဝင်ဘာ ၁၅၊ ၂၀၂၅။
မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်၊ တောင်ကျောင်းကျေးရွာမှာ ဒေသခံတွေဆီကို စစ်မှုထမ်းဥပဒေ အကြောင်းပြပြီး ခြိမ်းခြောက်ငွေတောင်းတဲ့ ကျေးရွာဥက္ကဌ နိုဝင်ဘာ ၁၄ ရက် ညနေ ၅ နာရီလောက်မှာ ပစ်ခတ်ခံရပြီးသေဆုံးခဲ့တယ်လို့ နတ်မောက်အခြေစိုက် ဂဠုန်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။
တောင်ကျောင်းကျေးရွာဥက္ကဌ အသက် ၅၀ ကျော် အရွယ် ဦးသောင်းဝင်း(ခ)ဦးသန်းဝင်းဆိုသူကို ရွာထဲရှိ သူ့နေအိမ်တွင်ရှိနေချိန်မှာ ဦးခေါင်းနဲ့ ရင်ဘက်ကိုပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
ဦးသန်းဝင်းဟာ စစ်မှုထမ်းဥပဒေ ပြထမ်းပြီးနောက်ပိုင်း ဒေသခံတွေဆီကနေ စစ်မှုထမ်းကြေးဆိုကာ ၁ ဦးကို ၁ သောင်းကျပ်ကနေ ၃ သောင်းကျပ်အထိကောက်ခံပြီး နီးစပ်ရာ ပျော်ဘွယ်ရဲစခန်းကို သွားပေးတာတွေရှိတယ်လို့သိရကြောင်း ဂဠုန်ပြည်သူ့ကာကွယ်ရေးအဖွဲ့တပ်ရင်းမှူး ဗိုလ်အောင်ဒင်က ပြောပါတယ်။
“ပြည်သူတွေဆီကနေ ငွေကြေးကောက်ခံတာတွေလုပ်တယ်၊ ပိုက်ဆံ သိန်း ၆၀ ကျော်ကောက်ပြီး စစ်ကော်မရှင်ကို ၅၄ သိန်းသွားပေးပြီးပြီ၊ ကျန်တဲ့ ၆ သိန်းကိုတော့ ကျနော်တို့ သိမ်းဆည်းရတယ်၊ အဲ့ဒီ ၆ သိန်းကိုလည်း ကျေးရွာပြည်သူလက်ထဲကို ကျနော်တို့ ပြန်ထည့်ပေးလိုက်ပါပြီ၊” လို့ သူက ဆက်ပြောပါတယ်။
ဦးသန်းဝင်းကို ပစ်ခတ်ပြီးနောက် သူ့ဆီကနေ ဖုန်း ၁ လုံးနဲ့ ငွေ ၆ သိန်း သိမ်းဆည်းရခဲ့ကာ အလောင်းကိုတော့ စစ်ကော်မရှင်အဖွဲ့က လူနာတင်ကားနဲ့ သယ်သွားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက်ကလည်း မကွေးတိုင်း၊ မြို့သစ်မြို့နယ်၊ မကျီးကုန်းလေးကျေးရွာနေ မောင်မင်းသူ ရွေးကောက်ပွဲကော်မရှင် အကြီးတန်းစာရေးကို ဂဠုန် PDF နတ်မောက် အဖွဲ့က အရှင်ဖမ်းဆီးခဲ့ပါသေးတယ်။
စာတည်း – လင်း