မင်းကင်း၊ နိုဝင်ဘာ ၁၁၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊ လောင်းပြည့်ရွာရွှေမျောလုပ်ကွက်တွေကို ကန့်ကွက်ဆန္ဒပြမှုမှာပါဝင်တဲ့ တိုက်နယ်ပကဖနဲ့ ပအဖတာဝန်ခံအပါ အမျိုးသား ၃ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖမ်းဆီးခံရသူတွေဟာ အုန္နဲဘုတ်ကျေးရွာမှာနေထိုင်တဲ့ တိုက်နယ် ၂ ပကဖခေါင်းဆောင် ဦးဇော်ဝမ်း၊ တိုက်နယ် ၂ ပအဖခေါင်းဆောင် ဦးကျော်စိုးလင်း၊ ဆန္ဒပြပွဲမှာပါဝင်သူ အုန္နဲဘုတ်ရွာခံ ကိုဉာဏ်လင်းတို့ဖြစ်ပြီး နိုဝင်ဘာ ၁၁ ရက် ဒီကနေ့မနက်အစော ၂ နာရီခန့်မှာ ၎င်းတို့နေထိုင်ရာကျေးရွာနေအိမ်တွေမှာ PDF ကလေး ခရိုင်တပ်ရင်း ၇ နဲ့ ၁၀ ( မင်းကင်းမြို့နယ်တပ်ရင်း ၁ နဲ့ ၄ )က ပူးပေါင်းအင်အား ၁၀၀ ကျော်နဲ့ ဝင်ရောက်ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။

“ သူတို့က ရွှေမျောခွင်နဲ့ ပတ်သက်ပြီး သူခိုင်းတာမလုပ်လို့၊ သူတို့ညွှန်ကြားချက်ကိုဆက်မလုပ်လို့ တိုက်နယ်က ဒီခေါင်းဆောင်တွေကို ဖမ်းရခြင်းဖြစ်တယ်။ ညအချိန်ကြီး၊ ဆွေးနွေးချက် ဘာမှမရှိဘူးဗျာ။ ညအချိန် ၂ နာရီ အဲ့လိုမျိုး အခုဟာက ခိုးကြောင်ခိုးဝှက်နဲ့ တောထဲကလာပြီး ဖမ်းတာဗျာ၊ အဓမ္မဖမ်းတာပေါ့ သူတို့အနေနဲ့” လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။
နိုဝင်ဘာ ၈ ရက်က လောင်းပြည့်ရွာအနီး မင်းကင်းမြို့နယ်”ပ” သုံးလုံးတပ်ဖွဲ့တွေ ဦးစီးလုပ်ကိုင်မယ့်ရွှေမျောစီမံကိန်းတွေကိုကန့်ကွက်ကြောင်း လောင်းပြည့်၊ အုန္နဲဘုတ်ရွာတွေအပါ ၆ ရွာထက်မနည်းက ဒေသခံ ၂,၀၀၀ ကျော်ဟာ တတိယအကြိမ်ဆန္ဒထုတ်ဖော်ပြသခဲ့ပြီးနောက် ၂ ရက်အကြာမှာ ပါဝင်သူဒေသတွင်းခေါင်းဆောင်တချို့ ဖမ်းဆီးခံခဲ့ရတာပါ။
အဲ့ဒီလို အုန္နဲဘုတ်ရွာတိုက်နယ်ပကဖနဲ့ပအဖခေါင်းဆောင်တွေ ဖမ်းဆီးခံထားရတာကြောင့် ဆန္ဒပြမှုမှာပါဝင်တဲ့ အနီးအနားကျေးရွာဒေသခံတွေလည်း ဖမ်းဆီးခံရမှာ စိုးရိမ်နေကြရတယ်လို့ အထက်ပါဒေသခံက ပြောပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်ပြီး မင်းကင်းမြို့နယ်ပအဖတာဝန်ခံကို မြေလတ်အသံကမေးမြန်းခဲ့ရာ အခြေအနေအသေးစိတ်ကိုအတိအကျမသိရသေးပေမယ့် ဆန္ဒပြမှုကြောင့်ဖမ်းခံရတာမျိုးမဖြစ်နိုင်ဘူးလို့ ပြောပါတယ်။

“ အခြေအနေကိုအတိအကျမသိရသေးဘူးဗျ။ တခုတော့ရှိတယ်၊ မျောကိုဆန္ဒပြတာလောက်နဲ့တော့မဖမ်းလောက်ဘူး၊ ဆန္ဒပြတာလောက်ကဖမ်းစရာမရှိပါဘူး။ တခုတော့ ရှိတယ်ဗျ၊ ပြည်သူကို သွေးထိုးလှုံ့ဆော်ပြီး NUG အစိုးရယန္တရားကိုတိုက်မယ်ဆိုတဲ့ စကားအရဆိုရင်တော့ အစိုးရကိုပုန်ကန်ဆန့်ကျင်တာမျိုးဖြစ်နေလို့ အဲဒီကိစ္စတော့ ဖြစ်နိုင်ခြေရှိတယ်။ အတိအကျတော့မသိသေးဘူး၊ ဖြစ်နိုင်ချေပြောတာပါ” လို့ သူက ပြောပါတယ်။
ဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး တိုက်နယ် ၂ ပအဖအတွင်းရေးမှူးက တပ်ရင်း ၁ ကို မေးမြန်းရာမှာ အခုလိုဖမ်းဆီးခံရမှုဟာ အထက်ညွှန်ကြားချက်ကြောင့်ဖြစ်ကြောင်း၊ ဆန္ဒပြမှုတွေဆက်လက်ဖြစ်ပေါ်နေရင် ဖမ်းဆီးခံထားရသူတွေအနေကြာမှာဖြစ်ကြောင်းဆိုကာ ဖမ်းဆီးမှုမှာ ဦးဆောင်တဲ့ မင်းကင်းမြို့နယ်တပ်ရင်း ၁ တပ်ရင်းမှူး၊ မြို့နယ်ပကဖတာဝန်ခံ ဦးညိုလွင်က ပြောဆိုခဲ့တယ်လို့ အတွင်းရေးမှူးက ပြောပါတယ်။
ဖမ်းဆီးမှုမှာဦးဆောင်တဲ့ မင်းကင်းမြို့နယ်တပ်ရင်း ၁ တပ်ရင်းမှူးလည်းဖြစ်တဲ့ မြို့နယ်ပကဖတာဝန်ခံ ဦးညိုလွင်ကို မြေလတ်အသံက ထပ်မံဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။
မင်းကင်းမြို့နယ်၊ လောင်းပြည့်ကျွန်းအနီး ရွှေမျောလုပ်ကွက်တွေကို တော်လှန်ရေးတပ်ဖွဲ့တွေက တူးဖော်လုပ်ကိုင်မှာကို ကျေးရွာဒေသခံတွေ ကန့်ကွက်ကြောင်း အောက်တိုဘာ ၂ ရက်မှာ ပထမအကြိမ်၊ အောက်တိုဘာ ၅ ရက်မှာ ဒုတိယအကြိမ်၊ နိုဝင်ဘာ ၈ ရက်မှာ တတိယအကြိမ်လှည့်လည်ဆန္ဒပြခဲ့ကြပြီး ဦးဆောင်လုပ်ကိုင်မယ့် မြို့နယ်ပကဖနဲ့ ပအဖတာဝန်ခံတွေကို ရာထူးကရပ်နားပေးဖို့ ဆန္ဒပြပွဲမှာထည့်သွင်းတောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။
ရွှေမျောလုပ်ကွက်လုပ်ဆောင်နိုင်ဖို့ ဒေသအာဏာပိုင် ပကဖ၊ ပအဖအဖွဲ့ဝင်တွေက ဒေသခံတွေဘက်ကို ညှိနှိုင်းမှုတွေလုပ်ဆောင်နေပေမယ့် ပြေလည်မှုမရသေးဘဲ ဒေသခံတွေဘက်က ကန့်ကွက်ဆန္ဒပြမှုတွေ ဆက်တိုက်ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။
စာတည်း – ဟိန်းစံ