မြိုင်နယ်အတွင်းစစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်က ဒေသခံ ၅ ဦးကိုဖမ်းဆီးပြီး စက်မှု ၂ ထဲကိုဝင်ရောက်နေ

0 16
0 16

မြိုင်၊ နိုဝင်ဘာ ၁၁၊ ၂၀၂၅။

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်စစ်ကြောင်းက နိုဝင်ဘာ ၁၁ ဒီမနက်မှာ မြိုင်မြို့ရှိ စက်မှု ၂ ထဲကိုသွားချိန် ဒေသခံ ၅ ဦးကိုဖမ်းဆီးပြီး နေအိမ်တချို့ကိုလည်း မီးရှို့သွားတယ်လို့ အညာမြေတပ်ပေါင်းစု ပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုသန့်ဇင် ဆီကသိရပါတယ်။

အင်အား ၂၀၀ ကျော်ပါစစ်ကြောင်းဟာ ဒီမနက် ၁၁ နာရီဝန်းကျင်မှာ သရက်ကန်ရွာကထွက်လာချိန် သရက်ကန်ရွာအနီးမှာ အနောက်တောင်ပိုင်းကျေးရွာက ဒေသခံ ၅ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး သရက်ကန်နဲ့ စက်မှု ၂ ကြားက တောတိုက်ထဲရှိ နေအိမ် ၂ လုံးကိုလည်းမီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

ပုံစာ – ၂၀၂၄ ဒီဇင်ဘာလ က စက်မှု၂ထဲကိုဝင်ရောက်ခဲ့တဲ့ စစ်ကြောင်းက မီးရှို့ခဲ့တဲ့ကျေးရွာများ။

“သရက်ကန်ပျူစောထီး ရွာကနေ မြိုင်မြို့နယ်အနောက်တောင်ပိုင်းကနေဖြတ်ပြီး စက်မှု ၂ ထဲကိုဝင်တာပါ။ ပြည်သူတွေက အခုထိပြန်လွတ်မလာသေးတာထောက်ရင် စက်မှု ၂ ထဲထိ ပါသွားတာပါ။ ဆွေမျိုးတော်စပ်တဲ့သူတွေလို့ ကနဦးသိရှိရပါတယ်။” လို့ ကိုဘိုဘိုသန့်ဇင်က ပြောပါတယ်။

ဖမ်းဆီးခံရသူတွေရဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မြေလတ်အသံက ဆက်လက် စုံစမ်းနေပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ ပခုက္ကူအခြေစိုက်တပ်မ ၁၀၁ ကဖြစ်ပြီး အောက်တိုဘာလကစလို့ ပခုက္ကူမြို့နယ်ရှိ ညောင်ဂျစ်ပင်၊ ကမ္မရွာတွေနဲ့ မြိုင်မြို့နယ်ရှိ တွင်းမ၊ သရက်ကန်၊ နှမ်းဆီကန် စတဲ့ကျေးရွာတွေကို လှည့်လည်စစ်ကြောင်းထိုးနေခဲ့ပြီးနောက် ဒီမနက်မှာ မြိုင် စက်မှု ၂ ထဲကိုဝင်သွားတာလို့ ဆိုပါတယ်။

စက်မှု ၂ ထဲကို စစ်ကြောင်းဝင်ရောက်နိုင်ဖို့အတွက် နိုဝင်ဘာ ၁၀ ရက် မနေ့ကည ၈ နာရီခန့်မှာလည်း စက်မှု ၂ ဝန်းကျင်ကို ပါရာမော်တာ ၂ စီးနဲ့ ဗုံးသီး ၄ လုံးခန့်ကြဲချခဲ့ပြီး စက်သေနတ်တွေနဲ့ပါပစ်ခတ်ခဲ့တယ်လို့ ကိုဘိုဘိုသန့်ဇင်က ပြောပါတယ်။

ဒီဗုံးကြဲတိုက်ခိုက်မှုအတွင်း အထိအခိုက်တော့မရှိခဲ့ဘဲ ခုလိုဗုံးကြဲတာဟာ စစ်ကြောင်းဝင်ဖို့လမ်းရှင်းတာဖြစ်နိုင်တယ်လို့ သူကခန့်မှန်းပါတယ်။

စစ်ကြောင်းထိုးနေစဥ် ပြီးခဲ့တဲ့နိုဝင်ဘာ ၆ ရက်မျာလည်း မြိုင်မြို့နယ်၊ နှမ်းဆီကန်ရွာကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၂၀ ကျော်မီးလောင်ပျက်စီးခဲ့ပါသေးတယ်။

ပုံစာ – ၂၀၂၄ ဒီဇင်ဘာလ က စက်မှု၂ထဲကိုဝင်ရောက်ခဲ့တဲ့ စစ်ကြောင်းက မီးရှို့ခဲ့တဲ့ကျေးရွာများ။
ပုံစာ – ၂၀၂၄ ဒီဇင်ဘာလ က စက်မှု၂ထဲကိုဝင်ရောက်ခဲ့တဲ့ စစ်ကြောင်းက မီးရှို့ခဲ့တဲ့ကျေးရွာများ။

အဆိုပါစစ်ကြောင်းကြောင့် မြိုင်မြို့နယ်အတွင်းရှိ ချောင်းနားတိုက်၊ ဆယ်ပြား၊ ရွာတန်းရှည်၊ မိတ္ထီလာ စတဲ့ကျေးရွာတွေအပါအဝင် အနည်းဆုံးရွာ ၇ ရွာကျော်က ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

စစ်ကြောင်းတွေဟာ စက်မှု ၂ ထဲကို ၂၀၂၄၊ ဒီဇင်ဘာလမှာ နောက်ဆုံးအကြိမ်ဝင်ရောက်ခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်က ဒေသတွင်းတော်လှန်ရေးအင်အားစုတွေနဲ့ တိုက်ပွဲတွေလည်း ပြင်းထန်ခဲ့တယ်လို့ ကိုဘိုဘိုသန့်ဇင်က ပြောပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။