ပုပ္ပါးကို ဘုရားဖူးသွားတဲ့ မိသားစု ၂ စု ၉ ရက်ကြာပျောက်ဆုံးနေ

0 55
0 55

ကျောက်ဆည်၊ နိုဝင်ဘာ ၁၀၊ ၂၀၂၅။

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့ကနေ ပုပ္ပါးကို အလည်သွားတဲ့ မိသားစု ၂ စု ၉ ရက်ကြာပျောက်ဆုံးနေပြီး အဆက်အသွယ်မရဖြစ်နေတယ်လို့ ပျောက်ဆုံးမိသားစုဝင်တွေနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

ပျောက်ဆုံးနေသူတွေဟာ ကျောက်ဆည်မြို့ရှိ KK ဖိနပ်ဆိုင်မှ ဦးထွန်းနိုင်၊ ဇနီးဖြစ်သူ မကေသီအောင်၊ သားဖြစ်သူ မောင်ဟယ်ရီနိုင်တို့ မိသားစုနဲ့ ကျောက်ဆည်မြို့၊ ညောင်ရွေရွာနေ မခင်နှင်းဝေ၊ မသင်းသင်းမြတ်နဲ့ သားဖြစ်သူ မောင်စိုင်းလင်းလတ်တို့ မိသားစုတွေဖြစ်ပြီး နိုဝင်ဘာ ၂ ရက်နေ့လယ် ၁ နာရီခန့်မှာ ပုပ္ပါးတောင်ကနေပြန်ဆင်းချိန်ကစလို့ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတာလို့ ဆိုပါတယ်။

ပုံစာ – မကေသီအောင်နှင့် သားဖြစ်သူ မောင်ဟယ်ရီနိုင် (ယခုပုံ)။

“မိသားစု ၂ စုက ကားတစီးတည်းတူတူသွားတာ။ မနက်ကတည်းက ရွှေငါးမတ်တူးလေးနဲ့သွားကြတာ။ သူတို့ပုပ္ပါးရောက်သွားသေးတယ်။ TikTok ဆော့ထားတာတောင်တွေ့လိုက်တယ်။ အဲနေ့ နေ့ခင်း ၁ နာရီလောက်ထိ မိသားစုတွေနဲ့အဆက်သွယ်ရှိသေးတယ်။ အဲ့နောက်သူတို့ဆီဖုန်းဆက်တော့ စက်ပိတ်ထားပြီး။ သူတို့ပျောက်နေမှန်းမသိသေးဘူး။ ပုံမှန်ကခရီးတွေသွားနေကြဆိုတော့ အမှုမဲ့အမှတ်မဲ့ ထားလိုက်တာ။ ၂ ရက်လောက်နေတော့ မိသားစုတွေကစိတ်ပူပြီးဆက်တော့ စက်တွေပိတ်ထားတာ။ တဖက်မိသားစုကလည်းလာမေးတော့မှ ပျောက်နေတာကို သိကြရတာ”လို့ မိသားစုဝင်နဲ့နီးစပ်သူတဦးက ပြောပါတယ်။

နိုဝင်ဘာ ၂ ရက်နေ နိုဝင်ဘာ ၁၀ ရက် ဒီကနေ့ထိ ၉ ရက်ကြာ သတင်းအစအနမရသေးတာကြောင့် သက်ဆိုင်ရာနယ်မြေရဲတပ်ဖွဲ့တွေ အသိပေးထားကာ မိသားစုဝင်တွေကလည်းလိုက်လံစုံစမ်းရှာဖွေနေကြတယ်လို့ သိရပါတယ်။

ပျောက်ဆုံးသွားသူတွေဟာ ပုပ္ပါး-ကျောက်ပန်းတောင်းလမ်းပေါ်မှာ ပျောက်ဆုံးတာဖြစ်နိုင်ပြီး အဖွဲ့အစည်းတခုခုက ခေါ်ယူသွားတာလည်းဖြစ်နိုင်တယ်လို့ မိသားစုဝင်တွေကသုံးသပ် ပြောဆိုကြပါတယ်။

ပုဂံ-ညောင်ဦး-ပုပ္ပါးဘက်က ဒေသခံတွေအနေနဲ့လူပျောက်နေတာနဲ့ပတ်သက်ကြီး ဝိုင်းဝန်းစုံစမ်းပေးဖို့ မိသားစုဝင်တွေက တောင်းဆိုထားကြသလို တစုံတရာထူးခြားမှုရှိရင်လည်း 09971500501, 092019501, 09753820910, 09966354918 တို့ကို ဆက်သွယ်ပေးကြဖို့ မိသားစုဝင်တွေက တောင်းဆိုထားကြပါတယ်။

ပုံစာ – မသင်းသင်းမြတ်နဲ့ သားဖြစ်သူ မောင်စိုင်းလင်းလတ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။