အင်အားသုံးစစ်ကြောင်းထိုးခံနေရတဲ့ဝက်လက်မှာ ၂ ရက်အတွင်း ရွာ ၅ ရွာမီးရှို့ခံရ

0 7
0 7

ဝက်လက်၊ နိုဝင်ဘာ ၇၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်က ကျေးရွာ ၅ ရွာနဲ့ စစ်ဘေးရှောင်တဲတွေကို စစ်ကော်မရှင်တပ်က နိုဝင်ဘာ ၅ ရက်နဲ့ ၆ ရက်တွေမှာ ဆက်တိုက်မီးရှို့ခဲ့တယ်လို့ ဝက်လက်ဒေသခံတွေဆီက သိရပါတယ်။

နိုဝင်ဘာ ၅ ရက်မှာ တမာကုန်း၊ ရွာတော်ကုန်း၊ တံတားဦးနဲ့ ထုံးဘိုရွာတွေကို မီးရှို့ပြီး နိုဝင်ဘာ ၆ ရက်မှာတော့ (ဒေသအခေါ်)တံတားညီနောင်စစ်ရှောင်တဲတွေနဲ့ မူးကြီးရွာကို မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“တမာကုန်း စရှို့တယ်၊ တမာကုန်းရှို့ပြီးတော့ ရွာတော်ကုန်း၊ ရွာတော်ကုန်းကနေ တံတားဦး၊ တံတားဦးကနေ ထုံးဘို ရှို့တယ်၊” လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ဒီမီးရှို့ခဲ့တဲ့ စစ်ကြောင်းဟာ နိုဝင်ဘာ ၅ ရက်မှာ ဆားတောင်ကနေ ရွာသာကြီးအထိုင်စခန်းကို ဖြည့်လာတဲ့အင်အားနဲ့ လှတောရွာအထိုင်စခန်းကထွက်လာတဲ့ အင်အားတို့ပေါင်းထားတဲ့ အင်အား ၅၀၀ ကျော်ပါ ပူးပေါင်းစစ်ကြောင်းဖြစ်တယ်လို့ ဆိုပါတယ်။

မီးရှို့ခံရတဲ့အိမ်ခြေအရေအတွက်နဲ့ ပျက်စီးဆုံးရှုံးမှုတွေကိုတော့ မြေလတ်အသံက ဆက်လက်စုံစမ်းနေပါတယ်။

လက်ရှိမှာ စစ်ကြောင်းကြောင့် အိမ်ခြေ ၂၀၀ ကနေ ၇၀၀ ကြားရှိတဲ့ စိုင်နိုင်ကြီး၊ စိုင်နိုင်လေး၊ တံတားဦး၊ သမကုန်း၊ တမာကုန်း၊ ရွာတော်ကုန်း၊ အုတ်နဲဘုတ်၊ ဆင်တဝဲအပါအဝင် ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံတွေသောင်းနဲ့ချီ စစ်ဘေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

နိူဝင်ဘာ ၂ ရက်ကလည်း ဝက်လက်မြို့နယ်၊ ရွာသာကြီးကျေးရွာကလာတဲ့ စစ်ကော်မရှင် စစ်ကြောင်းက မောက္ကဒီးကျေးရွာက ပြည်သူ ၄၀ ကျော်ကိုဖမ်းခဲ့ပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။