ဝမ်းတွင်းမှာ ညသန်းခေါင် နေအိမ်ထဲထိပေါ်တာဆွဲဖမ်းဆီးနေပြီး အမျိုးသား ၅ ဦးဖမ်းခံထားရ

0 12
0 12

မြေလတ်အသံ၊ နိုဝင်ဘာ ၆၊ ၂၀၂၅။

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်ရှိ ကျေးရွာ ၂ ရွာက အမျိုးသား ၃ ဦးကို စစ်ကော်မရှင် လက်အောက်ခံရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖမ်းဆီးခံရသူ ၃ ဦးမှာ အသက် ၂၀ ကျော်အရွယ် ကျောင်းကုန်းရွာသား ၁ ဦးနဲ့ ရွာသစ်ကျေးရွာသား ၂ ဦးတို့ဖြစ်ကြကာ နိုဝင်ဘာ ၆ ရက်မနက် ၁ နာရီကျော်က ဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။

“ဒီနေ့ညဉ့် ၁ နာရီအချိန်လောက်မှာလေ ရွာသစ်ရွာထဲ ရွာအလယ်ပိုင်းကအိမ်တွေ တစ်အိမ်တက်ဆင်း စစ်ပြီး လူငယ်တွေ့တဲ့အိမ်က လူငယ်ချောဆွဲခံရတာပဲ။ ပြီးတော့ ကျောင်းကုန်းထဲဝင်ဖမ်းတာ။ ရဲ**တွေက လူငယ်ရှိတဲ့အိမ်တွေကိုဆိုရင် တံခါးတွေကို အတင်းဆွဲဖွင့်တယ်။ သေနတ်ပြတယ်။ ဇွတ်အတင်းဝင်ရောက်ပြီးကိုဖမ်းတာ”လို့ ဝမ်းတွင်းဒေသခံအမျိုးသားတဦးက ပြောပါတယ်။

ပင်းတလဲရဲစခန်းမှ ရဲတွေဟာ ကျောင်းကုန်း နဲ့ ရွာသစ်ရွာတို့ကို လူဖမ်းဆီးဖို့ဝင်ရောက်လာချိန် ဆိုင်ကယ် ၄ စီးနဲ့ တပ်သား ၈ ဦးပါရှိပြီး သေနတ်ပစ်ဖောက်ဝင်ရောက်လာခဲ့တာလို့ အထက်ပါအမျိုးသားက ပြောပါတယ်။

အဆိုပါ ဖမ်းဆီးခံအမျိုးသား ၃ ဦးကို ၎င်းတို့ကျေးရွာနဲ့ ၇ မိုင်ကျော်ကွာဝေးတဲ့ ပင်းတလဲကျေးရွာရဲစခန်းမှာ ချုပ်နှောင်ထားတာကိုသိရှိရတာကြောင့် မိသားစုဝင်တွေက နိုဝင်ဘာ ၆ ရက်ဒီမနက် ၁၀ နာရီကျော်မှာ ရဲစခန်းကိုသွားရောက်ပြီး တွေ့ခွင့်တောင်းကြပေမယ့် တွေ့ခွင့်မပေးဘူးလို့လည်း သူကဆိုပါတယ်။

“စစ်မှုထမ်းအတွက် ချောဆွဲတာပါ။ စမထ(စစ်မှုထမ်း)အပါတ်စဉ် ဖွင့်ခါနီးပြီလေ။ ၉ ရက်နေ့လား ၁၀ ရက်နေ့လား လစဉ်ဖွင့်တာ။ လူမပြည့်လို့ဆွဲနေကျပါပဲ။ လတိုင်းဖမ်းတယ်။ လကုန်၊လဆန်း ရက်ရောက်တိုင်းချောဆွဲတာ”လို့ အထက်ပါအမျိုးသားက မှတ်ချက်ပေးပါတယ်။

အလားတူ နိုဝင်ဘာ ၅ ရက်ည ၉ နာရီကျော်ကလည်း ဝမ်းတွင်းမြို့နယ်၊ သစ်ပလွေကန်ကျေးရွာက အသက် ၂၀ နဲ့ ၃၀ ကြားရှိ အမျိုးသား ၂ ဦးကို စစ်ကော်မရှင်လက် အောက်ခံရဲတပ်သားတွေက ဝင်ရောက်ဖမ်းဆီးခဲ့ပြီး သူတို့ကိုလည်း ပင်းတလဲရွာရဲစခန်းမှာပဲ ချုပ်နှောင်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အခုလို နေအိမ်တွေထဲအထိဝင်ရောက်ကာ မကြာခဏဖမ်းဆီးနေတာကြောင့် ဒေသခံတွေအနေနဲ့ နေ၀င်ရင်အပြင်မထွက်ရဲကြတော့ဘူးလို့ဆိုပါတယ်။

ပြည်သူ့စစ်မှုထမ်းအပတ်စဥ် ၁ ကို ၂၀၂၄ ဧပြီ ၈ ရက်မှာစတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ပျှမ်းမျှအားဖြင့် ၁ လကို အပတ်စဥ် ၁ ခုဖွင့်လှစ်နေတာဖြစ်ကာ လက်ရှိမှာ အပတ်စဥ် ၁၈ ကို အောက်တိုဘာ ၂၁ ရက်မှာ နောက်ဆုံးဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။