မြေလတ်အသံ၊ အောက်တိုဘာ ၂၉၊ ၂၀၂၅။
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ အမှတ်- ၁၆ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၆) လုံခြုံရေးအတွက် အနီးဝန်းကျင်ရှိကျေးရွာတွေကဒေသခံတွေကို စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေနဲ့ရောပြီး ကင်းစောင့် ခိုင်းထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အောက်တိုဘာလ ပထမပတ်ကစတင်ကာ မသုံရွာ၊ ဖလုံရွာ၊ ကျားခြေရာရွာ၊ ကျောက်ဇကွဲရွာတွေက ဒေသခံအမျိုးသားတွေဟာ ကပစ-၁၆ ရဲ့ကာကင်းစခန်းတွေမှာ ၁ ရက်စီ အလှည့်ကျကင်းစောင့်နေရတာလို့ ဆိုပါတယ်။
“ကင်းမစောင့်မနေရ တအိမ်တယောက်ကျပေါ့။ အလှည့်ကျစောင့်ရတယ်။ ရွာသားတွေက စစ်ယူနီဖောင်း (စကမ)ကို ဝတ်ရတယ်။ အဲ့တာကိုဝတ်ပြီးတော့မှ ကင်းစောင့်ရတယ်။ ကင်းကရွာထဲမှာ စောင့်ရတာမဟုတ်ဘူး။ သူတို့ရဲ့(စကမ)ကပစ-၁၆မှာ ကာကင်းတွေရှိပါတယ်။ စက်ရုံတခုလုံးကို ကာထားတဲ့ကင်းတွေပေါ့။ အဲဒီကာကင်းတွေမှာ သွားသွားပြီးစောင့်ရတာပါ။ အန္တရာယ်များတာပေါ့ဗျာ”လို့ မြေပြင်အခြေအနေကိုသိရှိတဲ့ ပန်းတောင်းဒေသခံ အမျိုးသားတဦးက ပြောပါတယ်။
ကပစ ၁၆ အနီးမှာ ကာကင်းစခန်းတွေမှာကင်းစောင့်ရချိန် စစ်တပ်ယူနီဖောင်းတွေကို ဝတ်ဆင်ရပေမယ့် သေနတ်မကိုင်ရဘဲ သေနတ်ကိုင်ဆောင်ထားတဲ့ စစ်သားတွေနဲ့အတူရောပြီး နေ့ရော၊ ညပါ ကင်းဘန်ကာတွေမှာ နေနေရတာလို့ အထက်ပါအမျိုးသားကဆိုပါတယ်။
ဒါ့အပြင် စစ်အင်အား ၂၀ ဦးစီရှိတဲ့ ကင်းစခန်းမှာဆိုလျှင် ၁၅ ဦးက အရပ်သားတွေဖြစ်ပြီး ကျန် ၅ ဦးက စစ်ကသားတွေဖြစ်ကာ၊ ၁၀ ဦးရှိတဲ့ကင်းစခန်းမှာဆိုလျှင်တော့ ၇ ဦးက အရပ်သား တွေဖြစ်ပြီး ၃ ဦးမှာ စစ်သားတွေဖြစ်တာကြောင့် ကင်းစခန်းအပေါ်မူတည်ကာ ကင်းလုံခြုံရေးယူပေးနေရတာလို့လည်း သူကဆိုပါတယ်။
“ရွာသားတွေကတော့ ပုံမှန်စောင့်ရမှာပါ။ ဘယ်ရက်အထိ ဘယ်ခါထိမဟုတ်ပါဘူး။ ရွာထဲမှာလူဦးရေ ၅၀ ရှိရင် ၁၅ ယောက်က ဒီနေ့စောင့်၊ နောက် ၁၅ ယောက်က မနက်ဖြန်စောင့် အလှည့်ကျ စောင့်နေရတာပါ။ ပြောရရင်တော်လှန်ရေးမပြီးမချင်း စောင့်ရမယ့်သဘောရှိနေတယ်။ သူတို့လုံးဝ ဘယ်မှထွက်မရတော့ပဲနဲ့ ဒီစက်ရုံကိုကာကွယ်ရမယ့်သဘောရှိနေတယ်”လို့ အထက်ပါအမျိုးသားက ပြောပါတယ်။
တနေ့တာအတွက် ရွာ ၁ ရွာကအသက် ၁၈ နှစ်ကနေ ၅၀ ကြား အမျိုးသား ၁၅ ဦးနှုန်းနဲ့ ၄ ရွာပေါင်း လူ ၆၀ ဦးကင်းစောင့်ဖို့သွားရကာ အခုလိုနေ့စဥ်အလှည့်ကျ ကင်းစောင့်ဖို့လုပ်ငန်းစဥ်တွေကို သက်ဆိုင်ရာကျေးရွာရှိ အုပ်ချုပ်ရေးမှူးနဲ့ စစ်ကော်မရှင်တပ်သားတွေက နေ့စဥ်ဦးဆောင်ကာပို့ဆောင်နေတာလို့ ဆိုပါတယ်။
ခုလိုရွာသားတွေကို ကင်းစောင့်ခိုင်းရတာဟာ ကပစ ၁၆ မှာအင်အားနည်းကာ အာရက္ခတပ်တော် – AA ထိုးစစ်ကို ကြောက်လို့ဖြစ်နိုင်တယ်လို့ အထက်ပါအမျိုးသားက ခန့်မှန်းပါတယ်။
မစောင့်မနေအခြေအနေနဲ့စစ်ကော်မရှင်ဘက်က အကြောင်းကြားတာဖြစ်ပြီး ဒေသခံတွေအနေနဲ့လည်း ကင်းမစောင့်ရင် စစ်ထဲဝင်ရမှာ၊ ပစ်သတ်ခံရမှာတွေကို ကြောက်ပြီးစောင့်နေကြရကာ တိုက်ပွဲဖြစ်လာမှာကိုလည်း စိုးရိမ်နေရတယ်လို့ သူကဆက်ပြောပါတယ်။
ဒါ့အပြင် အထက်ပါကျေးရွာ ၄ ရွာကိုလုံခြုံရေးအရဟုဆိုကာ အောက်တိုဘာ ၁၃ ရက်ကစလို့ ရွာအပြင်ထွက်ခွင့်ပိတ်ထားသလို စစ်ကော်မရှင်တပ်သား ၁၀ ဦးကို ရွာထဲမှာစောင့်ခိုင်းထားပြီး ရွာပြင်ထွက်တာကို ဖမ်းမိရင် စစ်မှုထမ်းသင်တန်းပို့မယ်ဆိုပြီး ပြောဆိုခြိမ်းခြောက်တာတွေလည်း ရှိတယ်လို့ ဒေသခံတွေကဆိုပါတယ်။
ခုလိုဝင်ထွက်ခွင့်ပိတ်လိုက်တဲ့ အဆိုပါကျေးရွာတွေက ဒေသခံ ၁,၀၀၀ ကျော်စားသောက်ရေးခက်ခဲနေပြီး ကင်းစောင့်ကျတဲ့မိသားစုဝင်တွေကိုတော့ စစ်ကော်မရှင်ဘက်က ဆန်၊ ဆီ၊ ဆားပေးတာရှိတယ်လို့ သိရပါတယ်။
ဒါ့အပြင် အောက်တိုဘာတတိယပတ်အတွင်းမှာလည်း ကပစ ၁၆ အနီး စစ်ကော်မရှင်တပ်နဲ့ AA ပူးပေါင်းတပ်တို့ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်တပ်ရဲ့ကာကင်းစခန်းတချို့ကိုလည်း တော်လှန်ရေးတပ်တွေဘက်က ထပ်မံသိမ်းပိုက်ထားတယ်လို့ သိရကာ နောက်ဆက်တွဲအခြေအနေတွေကိုလည်း မြေလတ်အသံက ဆက်လက်စုံစမ်းနေပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်က ပန်းတောင်းမြို့နယ်၊ ပုဂံဂွေ့ (ပန်းကန်ကွဲ) ကျေးရွာတောင်ဘက်၊ ၉ ကီလိုမီတာအကွာအဝေးရှိ စစ်ကော်မရှင်ရဲ့ ၆၆၆ ပွိုင့်ကုန်းကို ၃ နာရီခန့်ကြာတိုက်ခိုက်ခဲ့ပြီးနောက် အပြီးသတ်သိမ်းပိုက်ရရှိခဲ့တယ်လို့ ရုပ်သံမှတ်တမ်းနဲ့တကွ အောက်တိုဘာ ၁၅ ရက်မှာ AA က ထုတ်ပြန်ခဲ့ပါတယ်။
စာတည်း – လင်း