တောင်သာမှာလည်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂ ဦးပစ်ခံရပြီး သေဆုံး
မြေလတ်အသံ၊ အောက်တိုဘာ ၂၈၊ ၂၀၂၅။
မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ် ပုသိမ်-မုံရွာလမ်းပိုင်းမှာ စစ်ကော်မရှင်တပ်လက်အောက် တိုင်းအဆင့်ရဲမှူးလိုက်ပါလာတဲ့ ယာဥ်တန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ကား ၁ စီးကို မီးရှို့ဖျက်ဆီးနိုင်ပြီး ခဲယမ်းတွေသိမ်းဆည်းရရှိခဲ့တယ်လို့ သရက်ခရိုင်တပ်ရင်း ၄ က ထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၂၈ ရက် ဒီကနေ့ နေ့လယ် ၁ နာရီခန့်မှာ မင်းတုန်းမြို့ဘက်မှ ဝန်တွင်းကျေးရွာဘက်ကိုမောင်းနှင်လာတဲ့ စစ်ကော်မရှင်ကား ၄ စီးကို မဲဇလီကျေးရွာနဲ့ ဝန်တွင်းကျေးရွာအကြားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ဟိုင်းလပ်ယာဥ်(Hilux) ၁ စီး မိုင်းထိခဲ့တယ်လို့ ဆိုပါတယ်။

မိုင်းထိပြီးနောက် မောင်းနှင်ထွက်ပြေးသွားတဲ့ကားကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက လိုက်လံပစ်ခတ်တိုက်ခိုက်ရာ မိုင်းထိတဲ့ကားကို လမ်းပေါ်ရပ်ထားခဲ့ကာ ကားပေါ်ပါ ထိခိုက်ဒဏ်ရာရသူတွေကို ကျန်ကား ၃ စီးနဲ့ တင်ဆောင်ပြီး မောင်းနှင်ထွက်ပြေးသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
တိုက်ခိုက်မှုအတွင်း မိုင်းဆွဲခံရပြီးပစ်ခတ်ခံရတဲ့ကားပေါ်ပါ စစ်ကော်မရှင်တပ်သား ၄ ဦး ထိခိုက်သေဆုံးနိုင်ပြီး ၇.၆၂ မမကျည် ၁၀၂ တောင့်၊ ကာဘိုင်ကျည် ၁၇ တောင့်၊ စစ်အသုံးအဆောင်ပစ္စည်းအချို့နဲ့ ငွေသား ၃ သိန်းကျပ်ကို သိမ်းဆည်းနိုင်ခဲ့ကာ စစ်ကော်မရှင်ကားကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရပြီးတဲ့နောက် မင်းတုန်းမြို့အဝင် ၅ မိုင်စစ်ဆေးရေးဂိတ်က စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဟာ လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် ဒေသခံတွေနဲ့ခရီးသွားပြည်သူတွေသတိထားနေထိုင်ကြဖို့ ထုတ်ပြန်ချက်က သတိပေးထားပါတယ်။
ဒါ့အပြင် မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မှာ ပြည်သူ့လွတ်မြောက်ရေးတပ် – PLA က တိုက်ခိုက်လို့ စစ်ကော်မရှင်တပ်ဖွဲ့ ၂ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၂၇ ရက် မနေ့ညနေပိုင်းမှာ တောင်သာမြို့နယ်အတွင်းစစ်ကော်မရှင်ကင်းစခန်းတခုက ဆိုင်ကယ်စီးနင်းထွက်ခွာလာတဲ့ တပ်ဖွဲ့ဝင် ၂ ဦးကို ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၂ ဦးလုံးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
“ ပစ်လိုက်တော့ ၂ ယောက်လုံး သေသွားတယ်။ ဒါပေမယ့် ၁ ယောက်က သေနတ်တွေက မြောင်းထဲပြုတ်ကျသွားပြီး သူတို့တပ်စခန်းနဲ့လည်း နီးတော့လေ၊ လိုက်ရှာ မကောက်နိုင်ဘူး။ ညနေစောင်းသွားပြီဆိုတော့” လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA ပြောရေးဆိုခွင့်ရှိသူက မြေလတ်အသံကို ပြောပါတယ်။
သေဆုံးစစ်ကော်မရှင်တပ်သားတွေထံက BA 63 G3 သေနတ် ၁ လက်နဲ့ ကျည်ဆံအချို့ကို သိမ်းဆည်းရရှိခဲ့ကာ PLA တပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။