လက်နက်ကြီးသံတွေကြောင့် ဆေးရုံမှာကုသနေတဲ့ နှလုံးရောဂါသည် ၁ ဦးသေဆုံးဟုဆို

0 2
0 2

ကလေး၊ ဧပြီ ၂၀၊ ၂၀၂၃။

စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ကလေးမြို့၊ တာဟန်းရပ်ကွက်ရှိ ဝယ်စလီဆေးရုံအနီး လမ်းခွဲတပ်စွဲထားတဲ့နေရာအပါအဝင် နေရာ ၃ ခုထက်မနည်းကနေ စစ်ကောင်စီတပ်သားတွေက ဧပြီလ ၁၈ ရက် ည ၈ နာရီကျော်အချိန်မှာ လက်နက်ကြီး ပစ်ခတ်တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီလက်နက်ကြီးတွေ ပစ်ခတ်ပြီးနောက် ဝယ်စလီဆေးရုံမှာ တက်ရောက်ဆေးကုသမှု ခံယူနေတဲ့ ကျောင်းတိုက်ကျေးရွာနေ အသက် ၃၀ ကျော်အရွယ်ရှိ နှလုံးရောဂါသည်အမျိုးသမီး ၁ ဦး လက်နက်ကြီးအသံကိုလန့်ပြီး အော်ဟစ်ကာ သေဆုံးသွားတယ်လို့ မြို့ပြ UG အဖွဲ့ တိုက်ခိုက်ရေးခေါင်းဆောင် ကိုရန်မင်းနိုင်က မြေလတ်အသံကို ပြောပါတယ်။

“ဝယ်စလီဆေးရုံတက်နေတဲ့ နှလုံးရောဂါသည် ကျောင်းတိုက်ရွာသူ(ပျူစောထီးရွာ)ပါ။ စကစက လက်နက်ကြီးတွေပစ်တော့ လန့်ပြီးအော်တာ ပြီးတော့အသက်ပါ ပါသွားတယ်။ ဆေးရုံအတူတက်တဲ့ အခန်းထဲက လူတွေ အကုန်မြင်ပါတယ်။ လက်နက်ကြီးက ဘာအကြောင်းမှမရှိဘဲ ရမ်းပစ်တာ။ အချက်ရေ ၁၂ ချက် လောက်ပစ်တာ” လို့ ဆိုပါတယ်။

အဲ့ဒီနေ့ညပိုင်းက ဝယ်စလီဆေးရုံ လမ်းခွဲ တပ်စွဲထားတဲ့နေရာအပါအဝင် တာဟန်းရဲစခန်း၊ နေကြာတိုက်ရှေ့နဲ့ ခလရ ၂၂၈ တပ်ရင်းတွေကနေ နာရီဝက်အကြာ လက်နက်ကြီးတွေပစ်ခတ်ခဲ့ကြပြီး ဘာကြောင့်ပစ်ခတ်ခဲ့တာလည်းဆိုတာကိုတော့ မသိရှိရဘူးလို့ သူကဆက်ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် တာဟန်းရပ်ကွက်က လူမနေတဲ့နေအိမ်တလုံးရဲ့ ခေါင်မိုးပေါ်ကို လက်နက်ကြီးကျည်တလုံး ကျရောက်ပေါက်ကွဲခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း – ရင်ငြိမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။