မုံရွာနဲ့ဆားလင်းကြီးက ရဲစခန်းတွေကို PDF က တိုက်ခိုက်လို့ ရဲ ၂ ဦး ဒဏ်ရာရဟုဆို

0 1
0 1

စစ်ကိုင်း၊ ဧပြီ ၁၉၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့‌နယ်၊ သာစည်ကျေးရွာ ရဲကင်းစခန်းနဲ့ ဆားလင်းကြီးမြို့မ ရဲစခန်းတွေကို ဧပြီလ ၁၈ ရက်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

မုံရွာမြို့နယ်၊ သာစည်ကျေးရွာ ရဲကင်းစခန်းအနီး အချုပ်ထောင် ဆောက်လုပ်နေတဲ့နေရာမှာ လုံခြုံရေးပေးတဲ့နေတဲ့ အင်အား ၃၀ ခန့်ရှိ ရဲ၊ စစ်သားနဲ့ ပျူစောထီးတွေကို မနက် ၁၀ နာရီခန့်မှာ စနိုက်ပါနဲ့ ပစ်ခတ်ခဲ့တာလို့ ဒေါင်းနက်နယ်စည်းမခြားအဖွဲ့တာဝန်ရှိသူ ရဲဘော်ပေ က မြေလတ်အသံကို ပြောပါတယ်။

“၃ ချက် ၄ ချက်ပစ်ခတ်ပြီးတော့ ဟိုဘက်ကလည်း ပြန်ပစ်တယ်။ ပြန်ပစ်တော့ ရဲဘော်တွေ ပြန်ဆုတ်လာခဲ့တယ်။ နောက်ထပ် ၁ နာရီလောက်နေမှ ရဲ ၂ ယောက် ထိခိုက်ဒဏ်ရာရတယ်ဆိုတာ သိရတယ်။ သေဆုံးမှုကိုတော့ မသိရသေးဘူး” လို့ ပြောပါတယ်။

အလားတူ ဆားလင်းမြို့ မြို့မရဲစခန်းကို မနေ့ ည ၁၀ နာရီကျော်လောက်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ တွေက လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

၆၀ မမ ၊ ၈၀ မမ ၊ ၉၀ မမ ၊ ၁၂၀ မမ လက်လုပ်စိန်ပြောင်း၊ ရှော့တိုက်ဒုန်းတွေနဲ့ ည ၁၂ နာရီခွဲအထိ သွားရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်က ထိခိုက်သေဆုံးတာတွေရှိနိုင်ပေမယ့်လည်း အတိအကျ မသိရှိရသေးဘူးလို့ Salingyi Border Task Force – SBTF အဖွဲ့ဝင်တဦးက ပြောပါတယ်။

“ဆားလင်းကြီး မြို့မရဲစခန်းကို ကျနော်တို့အဖွဲ့အနေနဲ့ သွားရောက်တိုက်ခိုက်တာ ၃ ကြိမ် ရှိပါပြီ။ ပစ်နေတဲ့အချိန် စကစဘက်ကလည်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်ပစ်တာတွေရှိပေမယ့် ကျနော်တို့ဘက်က ထိခိုက်မှုမရှိခဲ့ပါဘူး။ တာဝေးပစ်လက်နက်ကြီးတွေနဲ့ အချက်ရေ များတယ် ပစ်တာက။ စကစ အထိုင်ချတဲ့နေရာတွေ ကျရောက်ပေါက်ကွဲတာတော့ရှိတယ်” လို့ ပြောပါတယ်။

ပစ်ခတ်မှုဟာ စစ်ကောင်စီလေကြောင်းနဲ့ တိုက်ခိုက်ခဲ့တဲ့ ပဇီးကြီးနဲ့ မကျီးကန်ကျေးရွာတွေအတွက် သွေးကြွေးယူတဲ့အနေနဲ့ သွားရောက်ပစ်ခတ်ခြင်းမျိုး ဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။‌

မုံရွာနယ်မြေရဲစခန်းတိုက်ခိုက်မှုကို ဒေါင်းနက်နယ်စည်းမခြားပြောက်ကျားတပ်ဖွဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၀) တပ်ရင်း၊တပ်ခွဲ (၁) ၊ တပ်စု (၂) မုံရွာအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဆားလင်းကြီး ရဲစခန်းပစ်ခတ်မှုကိုတော့ Salingyi Bowdar Task Force၊ Chindwin Toe Na Yar PDF၊ FBGA ၊ BED ငညို၊ ခရိုင်ရင်း၂၉ ဒေါင်းမင်းတပ်ရင်း၊ တပ်ခွဲ၂ ၊ MRDA Yinmarbin တပ်ခွဲ ၊ Power 54 ထုတ်လုပ်ရေးအဖွဲ့ ၊ စွန်ရဲ ၊တောကျီးကန်း ၊ EAgle ၊ မဲမှောင်၊ Arlarwaka တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။

စာတည်း – ရင်ငြိမ်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။