ကလေးထောင်က အကျဥ်းသားတွေ ပြင်ပဆေးရုံမှာဆေးကုသခွင့်ရဖို့ အာဏာပိုင်တွေကိုကျပ်သိန်းဆယ်နဲ့ချီပေးနေရ

0 15
0 15

မြေလတ်အသံ၊ အောက်တိုဘာ ၂၄၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ကလေးအကျဥ်းထောင်ရှိ အကျဥ်းသားတွေအနေနဲ့ ထောင်အာဏာပိုင်တွေကို ငွေကျပ်သိန်းဆယ်နဲ့ချီပေးမှ ပြင်ပဆေးရုံမှာဆေးကုသခွင့်ရနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် – PPNM က အောက်တိုဘာ ၂၂ ရက်မှာထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လကစတင်ပြီး အကျဥ်းထောင်မှာ ဆေးဝါးလုံလောက်မှုမရှိတဲ့အပြင် ပြင်ပဆေးရုံမှာ ကုသမှုခံယူရမယ့်အရေးပေါ်လူနာတွေအနေနဲ့ ထောင်အာဏာပိုင်တွေကို ငွေကျပ် ၅၀၀,၀၀၀ ကနေ သိန်း ၂၀ ကျပ်အထိ ပေးမှကုသခွင့်ရရှိကြတာဖြစ်တယ်လို့ ဆိုပါတယ်။

“ကျန်းမာရေးဆိုးဝါးမှုကို အခြေမတည်ပဲနဲ့ ငွေကြေးပေးနိုင်မှုပေါ်မှာအခြေတည်လာတဲ့အခါမျိုးမှာ ပြင်ပဆေးရုံတွေကို ဆေးဝါးမကုသနိုင်တဲ့အခြေအနေထိပါ ဆိုးဝါးလာတယ်။ ပေးရတဲ့အခါမှာတော့ ထုတ်ပေးတဲ့ ထွက်ခွင့်ပြုလိုက်တဲ့ ဝန်ထမ်းတွေကို လက်ဖက်ရည်ဖိုး၊ မုန့်ဖိုး၊ ကန်တော့တယ်ဆိုပြီးမှ ခေါင်းစဥ်အောက်ကနေ ပေးနေရတာဖြစ်တယ်”လို့ PPNM မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောပါတယ်။

ငွေကြေးမတတ်နိုင်တဲ့ အကျဥ်းသားတွေအနေနဲ့ ပြင်ပဆေးရုံကိုသွားရောက်ပြီး ဆေးဝါးကုသခွင့်မရတာကြောင့် ကျန်းမာရေးဆိုးဝါးသူတွေ ပိုမိုများလာပြီး မသန်စွမ်းဖြစ်‌‌သွားရသူတွေနဲ့ အသက်သေဆုံးသူတွေ အထိရှိခဲ့ကာ အဲ့ဒီထဲမှာ နိုင်ငံရေးအကျဥ်းသားတွေလည်းပါရှိခဲ့တယ်လို့ ဆိုပါတယ်။

“ဆေးဝါးကုသဖို့လိုအပ်နေတဲ့လူတွေကို ပြင်ပဆေးရုံကိုမပို့ပေးတဲ့အခြေအနေကြောင့် နောက်ဆက်တွဲရောဂါဆိုးဝါးခဲ့တာ ကလေးထောင်မှာဘဲ နိုင်ငံရေးအကျဥ်းသားတွေ မသေဆုံးသင့်ပဲ သေဆုံးခဲ့ရတယ်။ အရေအတွက်အားဖြင့်တော့ နိုင်ငံရေးအကျဥ်းသား သေဆုံးမှုဟာ ဒီလိုဖြစ်စဥ်တွေကြောင့် အနည်းဆုံး ၂ ဦးပေါ့”လို့ ကိုသိုက်ထွန်းဦးက ဆိုပါတယ်။

ဒါ့အပြင် ထောင်အတွင်း နိုင်ငံရေးအကျဉ်းသားတွေအပေါ် ဖိနှိပ်တဲ့ အဖြစ်အပျက်တွေနဲ့ သတင်းတွေထွက်ပေါ်လာခဲ့လျှင် ထောင်အာဏာပိုင်တွေက သရုပ်ပြဓာတ်ပုံရိုက်တာ၊ ကျန်းမာရေးဟောပြောပွဲ သဏ္ဌာန်သရုပ်ပြ လုပ်ဆောင်ဓာတ်ပုံရိုက်တာတွေ လုပ်ဆောင်ပြီး ပြည်ထဲရေးဝန်ကြီးဌာန အကျဥ်းဦးစီးဌာနချုပ်ကိုပို့ဆောင်ကာ ဖြေရှင်းလေ့ရှိတယ်လို့လည်း ကိုသိုက်ထွန်းဦးကပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလမှ အောက်တိုဘာလအထိ အကျဉ်းထောင်အသီးသီးမှာ ပြစ်ဒဏ် ကျခံနေရတဲ့ နိုင်ငံရေးအကျဥ်းသားတွေအနေနဲ့ ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရရှိမှုနဲ့ အရေးပေါ်ဆေးကုသခွင့် မရရှိမှုတို့ကြောင့် သေဆုံးခဲ့တဲ့ နိုင်ငံရေးအကျဥ်းသား ၂၈ ဦးအထိရှိတယ်လို့ PPNM ရဲ့မှတ်တမ်းအရ သိရပါတယ်။

စာတည်း – လင်း

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။