မြေလတ်အသံ၊ အောက်တိုဘာ ၁၅၊ ၂၀၂၅။
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ မိုးကုတ်-မန္တလေးကားလမ်းပိုင်းပေါ်က ဖော့တော့ကျေးရွာ လမ်းဆုံကို စစ်ကော်မရှင်တပ်က အောက်တိုဘာ ၁၄ ရက်မနက်ပိုင်းမှာ ပြန်လည်ထိန်းချုပ်ခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
စစ်ကော်မရှင်တပ်က သပိတ်ကျင်းမြို့ကို ပြန်ထိန်းချုပ်ပြီးနောက် မိုးကုတ်-မန္တလေးကားလမ်းမကို ထိန်းချုပ်နိုင်ဖို့အတွက် အင်အား ၂၀၀ ကျော်နဲ့ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ၂ လကျော်အကြာ အောက်တိုဘာ ၁၄ ရက်မှာ ဖော့တော့လမ်းဆုံကိုထိန်းချုပ်ခဲ့တာလို့ ဆိုပါတယ်။
“မနေ့က မနက်အစောပိုင်းပဲထိန်းချုပ်လိုက်တာ။ သူတို့က(စကမ)သာလွန်အင်အား၊ လေကြောင်း၊ လက်နက်ကြီးတွေကို တောက်လျှောက်သုံးတာ။ ကိုယ့်ဘက်က လက်နက် အင်အားမမျှတော့ ဆုတ်ပေးလိုက်ရတာ”လို့ မြေပြင်အခြေအနေကိုသိရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးကပြောပါ တယ်။
လက်ရှိအဆိုပါလမ်းဆုံမှာ စစ်ကော်မရှင်တပ်သား ခန့်မှန်းခြေ ၅၀ ကျော်က အထိုင်ချတပ်စွဲထားပြီး အဲ့ဒီလမ်းဆုံကနေ သပိတ်ကျင်းမြို့အထိ လမ်းမတလျှောက်ကို ထိန်းချုပ်ထားတယ်လို့ ဆိုပါတယ်။
ဖော့တော့ကျေးရွာလမ်းဆုံဟာ မန္တလေး-စဉ့်ကူး-မိုးကုတ်နဲ့ မန္တလေး-စဉ့်ကူး- သပိတ်ကျင်း-ထီးချိုင့်ကားလမ်းမပေါ်မှာရှိပြီး စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား စစ်ရေးအရ အဓိကအချက်အချာကျတဲ့ လမ်းဆုံတခုဖြစ်တယ်လို့လည်း အထက်ပါတပ်ဖွဲ့ဝင်ကပြောပါတယ်။
စစ်ကော်မရှင်တပ်ဟာ သပိတ်ကျင်းမြို့ကို ပြီးခဲ့တဲ့ဇူလိုင် ၂၂ ရက်က အလုံးစုံ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် မိုးကုတ်-မန္တလေးကားလမ်းမတလျောက်ကို အလုံးစုံပြန်ထိန်းချုပ်နိုင်ရေးအတွက် နေ့စဥ်နီးပါး ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲနဲ့သက်ဆိုင်မှုမရှိတဲ့ ကျေးရွာတွေကိုလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
လက်ရှိမှာတော့ ဖော့တော့၊ ဝါးဖြူတောင်၊ ညောင်ပင်သာ၊ ပိုးဇာ၊ ဇရပ်ကွင်း၊ သင်ပေါင်းချောင်း၊ မြိုင်သာယာ၊ ရွှေမွှေးချောင်း၊ ရေပူလယ်တီစတဲ့ကျေးရွာ ၉ ရွာက ဒေသခံသောင်းချီဟာ ဘေးလွတ်ရာနေရာတွေကို တိမ်းရှောင်နေကြရတယ်လို့ အထက်ပါတော်လှန်ရေးတပ်ဖွဲ့ဝင်က ပြောပါတယ်။
စာတည်း – လင်း