ရွှေတောင်၊ အောက်တိုဘာ ၁၃၊ ၂၀၂၅။
ပဲခူးတိုင်း၊ ရွှေတောင်မြို့ဈေးအနီး ရေအနက် ၁၅ ပေကျော်ရှိတဲ့ မီးသတ်ကန်မှာ ငါးမျှားသွားတဲ့ အလယ်တန်းကျောင်းသား ၂ ဦး ရေနစ်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အောက်တိုဘာ ၁၂ ရက်ညနေ ၃ နာရီခန့်မှာ ကြာနီကန် အထက(ခွဲ) ကျောင်းမှာတက်နေတဲ့ ကြာနီကန်ရပ်ကွက်၊ ဒေါနခြံလမ်းနဲ့ ထီးတန်းလမ်းနေ အသက် ၁၃ နှစ်အရွယ် ကျောင်းသား ၂ ဦးဟာ ငါးမျှားရင်း ရေနစ်ခဲ့တာလို့ ဆိုပါတယ်။

“ကလေးနှစ်ယောက်က ငါးမျှားနေတာ။ တယောက်က ငါးမျှားတံအောက်ကျသွားတာကို ဆင်းဆယ်ပုံ ရတယ်။ မီးသတ်ကန်က အနက်ကြီး။ ကျန်တဲ့ကောင်လေးက ခြေထောက်လှမ်းပေးတာ။ ခြေထောက်ကနေဆွဲတင်ပေါ့။ အဲ့မှာနှစ်ယောက်စလုံးနစ်သွားတာ။ ကန်ကစောက်ကြီးဖြစ်နေတာ”လို့ ကူညီကယ်ဆယ်ရေးလုပ်ပေးခဲ့တဲ့ ဒေသခံတဦးကပြောပါတယ်။
ရေနစ်ပြီးနာရီဝက်ကျော်အကြာမှာ အလောင်းတွေကိုပြန်လည်ဆည်ယူနိုင်ခဲ့ပြီးနောက် လူမှုကူညီရေး အသင်းတွေက ရွှေတောင်ဆေးရုံကို ပို့ပေးထားရပြီး အောက်တိုဘာ ၁၃ ရက်ဒီကနေ့မှ မိသားစုဝင်တွေက နေအိမ်ပြန်သယ်ကြမယ်လို့ သိရပါတယ်။
စက်တင်ဘာ ၂၆ ရက်ကလည်း ပဲခူးမြို့၊ ဥဿာမြို့သစ်၊ ၉ ရပ်ကွက်က ရေနုတ်မြောင်းထဲမှာ ကလေးဆေးဖိုးအတွက် ဘူးခွံဆင်းကောက်သူ အမျိုးသမီး ရေနစ်သေဆုံးခဲ့ပါသေးတယ်။
စာတည်း – လင်း