ချောင်းဦးနဲ့ မြို့သာမှာ စစ်ကော်မရှင်တပ်တွေကိုတိုက်ခိုက်ပြီး လက်နက်တွေသိမ်းဆည်း

0 20
0 20

ချောင်းဦး၊ အောက်တိုဘာ ၁၀၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နဲ့ မန္တလေးတိုင်း၊ မြို့သာမြို့မှာ စစ်ကော်မရှင်တပ်တွေတိုက်ခိုက်ခံရပြီး ၆ ဦးသေဆုံးကာ လက်နက်ခဲယမ်းတွေလည်းသိမ်းဆည်းနိုင်ခဲ့တယ်လို့ ဒေသခံတော်လှန်ရေးတပ်တွေဆီက သိရပါတယ်။

စစ်ကိုင်းအခြေစိုက် တပ်မ ၃၃ ကလာတဲ့ယာဥ်တန်းကိုလုံခြုံရေးယူတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေကို ချောင်းဦးမြို့ အနီးမှာစောင့်ကြိုတိုက်ခိုက်ပြီး လက်နက်ခဲယမ်းတွေသိမ်းဆည်းခဲ့တယ်လို့ Chaung U People’s Defence Force ဆီက သိရပါတယ်။

အောက်တိုဘာ ၁၀ ရက် ဒီမနက် ၇ နာရီ ၁၀ မိနစ်ဝန်းကျင်မှာတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၃ ဦးသေဆုံးခဲ့ပြီး အလောင်းတွေလည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

“ပုံမှန်ကတော့ လောင်စာ၊ ရိက္ခာ၊ ဆေးဝါး၊ လက်နက်ခဲယမ်းသယ်လာတဲ့ ယာဉ်တန်းတွေ လာလေ့ရှိတယ်၊ အဲ့ဒီယာဉ်တန်းတွေ လာလို့ရှိရင်သူတို့ဘက်က လုံခြုံရေးယူပေးလေ့ရှိတယ်၊ အခုဟာက စစ်ကိုင်းတပ်မ ၃၃ ကထွက်လာတဲ့ ယာဉ်တန်းတွေကို လုံခြုံရေးယူတာကို ကျနော်တို့ဘက်က အသင့်စောင့်ကြိုတိုက်ခိုက်တာ၊ သူတို့ဘက်တံဆိပ်မပါလို့ ဘယ်တပ်ကလို့ မသိရဘူး၊ ထွက်လာတာကတော့ ချောင်းဦးမြို့ထဲက ထွက်လာတာ”လို့ Chaung U People’s Defence Force သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

တိုက်ခိုက်ပြီးနောက် BA 63 ၃ လက်၊ 9 မမ ကျည် ၄၉၄ တောင့်၊ 7.62 ကျည် ၆၅၂ တောင့် ကျည်ကာ ဦးထုပ် ၃ လုံး၊ BA 63 ကျည်ဘောက် ၁၀ ခု၊ BA 94 ကျည်‌ဘောက် ၃ ခု၊ လက်ပစ်ဗုံး ၁ လုံး၊ လက်ဖုန်း ၄ လုံးနဲ့ ဆိုင်ကယ် ၄ စီး သိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ် CHU PDF နဲ့ Special Force 11(LPDF) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး တိုက်ခိုက်တဲ့နေရာဟာ စစ်ကော်မရှင်တပ်တွေစိုးမိုးတဲ့ နယ်မြေဖြစ်တာကြောင့် အမြန်ပြန်ဆုတ်ခွာလာရတယ်လို့ အထက်ပါသတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ဒါ့အပြင် မန္တလေးတိုင်း၊ မြို့သာမြို့၊ မြို့သာရဲစခန်းကနေ မြို့သာဈေးထောင့်မှာ လမ်းသွားပြည်သူတွေကို ဆက်ကြေးကောက်နေတဲ့ စစ်ကော်မရှင်တပ် အောက်တိုဘာ ၈ ရက် ညနေ ၄ နာရီလောက်မှာ တိုက်ခိုက်ရာ ၃ ဦးသေဆုံးကာ ၂ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ Special Task Force Nagazun ဆီက သိရပါတယ်။

မြို့သာဈေးထောင့်မှာ အင်အား ၅ ဦးနဲ့ ဆက်ကြေး ကောက်နေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကို မီတာ ၁၀၀ ဝန်းကျင်လောက်ကနေတိုက်ခိုက်ရာ တိုက်ခိုက်ချိန် မိနစ် ၂၀ ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။

“မြို့သာစခန်းကနေ မြို့သာစျေးထောင့်လာတာက ၁၀ ဦးလာတာ၊ ဆက်ကြေးကောက် စစ်ဆေးတာက ၅ ဦးပါ၊ ထိခိုက်သေဆုံးတာက ၃ ဦးပါ၊ ဒဏ်ရာရတာ ၂ ဦးပါ၊ စစ်သားလား၊ ရဲလားတော့ အတိကျ မသိပါဘူး၊ **အင်းအားတိုးပြီး ရက်ကွက်တွေထဲမှာ ကင်းပုန်ထိုးထားတယ်”လို့ Special Task Force Nagazun တာဝန်ရှိသူတဦးက ပြောပါတယ်။

အဲ့ဒီစစ်ကော်မရှင်တပ်တွေဟာ မြို့သာရဲစခန်းအရှေ့ဘက်ရှိ ဆေးရုံအနီးမှာလည်း ဆက်ကြေးကောက်လေ့ရှိပြီး တိုက်ခိုက်ခံရပြီးနောက် ပိုက်ဆံမကောက်တော့ဘူးလို့ သူကဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၃ ရက်ကလည်း မြင်းခြံမြို့နယ်ကနေ ငါန်းမြာကြီးရဲစခန်းကို ရိက္ခာပို့ရင်း တပ်ချိန်း‌ပြောင်းရန်လာတဲ့ ကား ၅ စီးနဲ့ အင်အား ၁၄၀ ခန့်ပါတဲ့ စစ်ကြောင်းကို Special Task Force Nagazun က တံတားဦးနဲ့ ဆီမီးခုံလမ်းပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ခဲ့ပါသေးတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။