myaelatt athan

Sharing Information to the Local

ညောင်ဦးမှာ စစ်ကောင်စီယာဥ်တန်း ၂ ကြိမ်မိုင်းဆွဲခံရ

ညောင်ဦး၊ မတ် ၁၈၊ ၂၀၂၅။

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ စစ်ကူသွားတဲ့ စစ်ကောင်စီတပ်ယာဥ်တန်း မတ် ၁၆ ရက် တမနက်တည်းမှာ မိုင်း ၂ ကြိမ်ဆွဲ တိုက်ခိုက်ခံရတာကြောင့် စစ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ Bagan Bo Cho PDF ကပြောပါတယ်။

ညောင်ဦးမြို့အခြေစိုက် ခမရ – ၄၁၅ တပ်ရင်းကနေ စလင်းမြို့နယ်ဘက်ကို စစ်ကူသွားတဲ့ သံချပ်ကာကား ၂ စီးအပါအဝင် စစ်ကား ၄ စီးကို မနက် ၉ နာရီမှာ ပထမအကြိမ် ညောင်ဦး -ချောက်ကားလမ်းမတနေရာမှာ အသင့်ထောင်ထားတဲ့ပဒေသာ မိုင်း ၁ လုံးနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါ တယ်။

“ပထမတကြိမ်ဆွဲတဲ့အခါ စကစ ၁ ကောင်သေတာကို မျက်မြင်တွေ့ခဲ့တယ်။ ရှေ့ပြေးသံချပ်ကာကား ၁ စီးလည်း သံဘောင်တွေကျွတ်ထွက်ပြီး နောက်ကိုလှန်သွားတယ်။ အပြန်အလှန်ပစ်ခတ်မှုမဖြစ်ခဲ့”လို့ Bagan Bo Cho PDF မှပြန်ကြားရေးတာဝန်ခံကပြောပါတယ်။

မိုင်းဆွဲခံရတဲ့ စစ်ကောင်စီတပ်သားတွေဟာ ပျက်စီးသွားတဲ့ သံချပ်ကာကား ၁ စီးကိုထားကာ ညောင်ဦးမြို့နယ်၊ စဉ့်ကူနယ်မြေရဲစခန်းကို သွားရောက်ခဲ့ပြီးနောက် အဲဒီရဲစခန်းကနေ ဒဏ်ရာရတဲ့ တပ်သားတွေကို ဆေးကုသဖို့ ဖောကား ၄ စီးနဲ့ ညောင်ဦးမြို့ပေါ်ကိုပြန်လည်ထွက်ခွာလာချိန် ၉ နာရီခွဲမှာ ဒုတိယအကြိမ် မိုင်းဆွဲခဲ့တာလို့ ဆိုပါတယ်။

“ဒုတိယတချီဆွဲတာမှာ ၄ ကောင်သေတယ်။ ၁ ကောင်ဆိုရင် ခေါင်းပြတ်ပြီးတော့ မျက်လုံးမှာ ကျွတ်ထွက်သွားတယ်လို့ ဖရဲသီး (စစ်တပ်သတင်းပေး) ကအတည်ပြုပြောတာ။ ဒဏ်ရာရလည်း တော်တော်များတယ်တဲ့”လို့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ပထမတကြိမ်မိုင်းဆွဲတိုက်ခိုက်ခံရချိန်မှာ သံချပ်ကာကားပေါ်မှာပါလာတဲ့ ပွိုင့်ဖိုက်သေနတ်တွေနဲ့ စစ်ကောင်စီတပ်သားတွေက စဉ့်ကူနယ်မြေရဲစခန်းကို ရောက်တဲ့အထိ တောက်လျောက် ပစ်ခတ်ခဲ့ပေမယ့် ဒုတိယတကြိမ်မိုင်းဆွဲခံရချိန်မှာတော့ ပြန်လည်ပစ်ခတ်တာ မရှိခဲ့ဘူးလို့ သူကဆိုပါတယ်။

မိုင်းဆွဲခံရတဲ့ စစ်အုပ်စုဟာ ဒဏ်ရာရတပ်သားတွေကို ညောင်ဦးမြို့နယ်ဘက်ဆီ ပြန်သယ်ချိန်အတွင်းမှာဘဲ ရှေ့မှာကျန်ခဲ့တဲ့စစ်ကောင်စီတပ်သားတွေက မိုင်းထိပျက်စီးသွားတဲ့ သံချပ်ကာ စစ်ကား ၁ စီးကို ပြန်လည်ပြုပြင်ပြီး နေ့လယ် ၃ နာရီကျော်မှာ စလင်းမြို့နယ်ဘက်ကို ဆက်လက် စစ်ကူ ထွက်သွားခဲ့တယ်လို့ အထက်ပါတာဝန်ခံက ဆက်ပြောပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို Bagan Bo Cho PDF နဲ့ မဟာမိတ်တပ်တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။