မင်းလှ၊ အောက်တိုဘာ ၈၊ ၂၀၂၅။
ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ဆင်တဲကုန်းအုပ်စု၊ ဆင်တဲကုန်းကျေးရွာမှာ စစ်ကော်မရှင်တပ်က ထုတ်ပြန်ထားတဲ့ မဲစာရင်းတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ က အောက်တိုဘာ ၇ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၆ ရက်ည ၁၁ နာရီမိနစ် ၃၀ ခန့်မှာ ဆင်တဲကုန်းရွာရှိ လူငယ်အားမာန် စာကြည့်တိုက်မှာ ကပ်ထားတဲ့ မဲစာရင်းစာရွက်တွေကို မီးရှို့ခဲ့တာလို့ဆိုပါတယ်။
“တော်လှန်ရေးသမားတွေအနေနဲ့ကတော့ အတုအယောင်ရွေးကောက်ပွဲလုပ်နေတဲ့ အရာမှန်သမျှကို ဖျက်ဆီးမှာဘဲ။ ဒါကတော်လှန်ရေးသမားတွေရဲ့ ရည်ရွယ်ချက်ဘဲ။ မည်သည့်နေရာမှာမဆို စစ်တပ်ဒေါက်တိုင်မှန်သမျှရယ်၊ စစ်တပ်က လုပ်တာမှန်သမျှ ဖျက်ဆီးသွားမှာဖြစ်တယ်။ တွန်းလှန်ပြီးတော့လုပ်သွားမှာ”လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ တာဝန်ရှိသူတဦးက ပြောပါတယ်။


မီးရှို့ဖျက်ဆီးလိုက်လို့ မဲစာရင်း ၅၆ ရွက်လုံး မီးလောင်ပျက်စီးသွားပြီး ကျေးရွာစာကြည့်တိုက်ကတော့ မီးလောင်တာမရှိဘူးလို့ဆိုပါတယ်။
ဖျက်ဆီးခံရပြီးနောက် အောက်တိုဘာ ၇ ရက်နေ့လယ် ၁ နာရီလောက်မှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် တွေနဲ့ပျူစောထီးတွေက မီးရှို့ခံရတဲ့နေရာကို လာရောက်စစ်ဆေးမှုပြုလုပ်သွားတယ်လို့ သိရပါတယ်။
အဆိုပါ မဲစာရင်းတွေကို စက်တင်ဘာ ၃၀ ကစတင်ကပ်ထားတာဖြစ်ကာ အောက်တိုဘာ ၁၃ ရက်နေ့အထိ ကပ်ထားမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒီဖျက်ဆီးမှုတွေကို ၃၈ဝ၂ တပ်ခွဲ ၂ မြေအောက်ပြောက်ကျား တပ်ဖွဲ့မှ ရဲဘော်များက လုပ်ဆောင်ခဲ့တာဖြစ်ပြီး ပြည်သူများအနေဖြင့်လည်း စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေအနီး သွားလာနေထိုင် မပြုလုပ်ကြဖို့ သတိထားသွားလာနေထိုင်ကြရန် သတိပေးထုတ်ပြန်ထားပါတယ်။
၂၀၂၅၊ ဒီဇင်ဘာ ၂၈ မှာ ပြုလုပ်မယ့်ရွေးကောက်ပွဲအပိုင်း ၁ မှာ မြို့နယ်ပေါင်း ၁၀၂ မြို့နယ်ကျင်းပပြုလုပ်မှာဖြစ်ပြီး အဲ့ဒီအထဲမှာ ပဲခူးတိုင်းဒေသကြီးထဲက ၈ မြို့နယ်ပါဝင်ကာ မင်းလှမြို့နယ်ကတော့ အပိုင်း ၁ ကျင်းပပြုလုပ်မယ့်အချိန်မှာ မပါသေးဘူးလို့ ဩဂုတ် ၂၁ ရက်မှာ စစ်ကော်မရှင်တပ်ရဲ့ ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်ချက်အရသိရပါတယ်။
စာတည်း – လင်း