ကန်ဘလူပျူစောထီးစခန်းတိုက်ပွဲမှာ ပျူစောထီး ၆ ဦးလက်နက်ချအညံ့ခံ

0 17
0 17

တိုက်ပွဲတွင်း ၂ ဦးသေဆုံးပြီး သေနတ် ၇ လက်သိမ်းဆည်း

မြေလတ်အသံ၊ အောက်တိုဘာ ၂၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ထန်းကုန်းတိုက်နယ်ရှိ ပျူစောထီးစခန်းတခုကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၂ ဦးသေဆုံးပြီး လက်နက်ချသူ ၆ ဦးကိုလည်းဖမ်းဆီးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် – စစ်ရုံးချုပ်ဆီက သိရပါတယ်။

ပျူစောထီးအင်အား ၃၀ ခန့်ရှိတဲ့ အုန်းတောကျေးရွာရဲ့ ကာကင်းစခန်းကို အောက်တိုဘာ ၁ ရက်ည ၁၀ နာရီမှာတော်လှန်ရေးတပ်တွေက အလစ်အငိုက်ဝင်ရောက်တိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲဖြစ်ပြီးနောက် လက်နက်တွေလည်း သိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။

“သေနတ်နဲ့ ၈ ချက်လောက်ပဲဖောက်လိုက်ရတယ်။ ခုခံတဲ့ ၂ ယောက်ကတော့ တိုက်ပွဲဖြစ်စဥ်အတွင်း မှာပဲ သေဆုံးသွားတယ်။ ကျန်တဲ့ ၆ ယောက်ကတော့ လက်နက်ချတဲ့အတွက် ဖမ်းမိခဲ့တာ။ သူက ပတ်ပတ်လည်မှာ ပျူရွာတွေရှိပါတယ်။ ပျူရွာတွေရဲ့အလယ်ခေါင်မှာရှိတဲ့ရွာကို ဝင်ပြီးတော့ စီးပြီးတိုက်တာပေါ့”လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် – စစ်ရုံးချုပ်၊ ပကဖ စစ်ဘက်ရေးရာဌာနတာဝန်ခံ ဩဇာက ပြောပါတယ်။

ဖမ်းဆီးရမိတဲ့ ပျူစောထီး ၆ ဦးကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားပြီး ၎င်းတို့ဆီက G-3 ၃ လက်၊ ကာဘိုင် ၂ လက်၊ ပြောင်းချော ၂ လက်တို့အပါအဝင် တခြားပစ္စည်းတချို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ တာဝန်ခံသြဇာက ပြောပါတယ်။

အုန်းတောကျေးရွာဟာ ထန်းကုန်းမြို့နဲ့ ၂ မိုင်ကျော်ဝေးပြီး ကန့်ဘလူ-ထန်းကုန်း-ကာဘိုး-တန့်ဆည်ကားလမ်းဘေးမှာတည်ရှိပြီး ပျူစောထီးအားကောင်းတဲ့ကျေးရွာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ ကန့်ဘလူခရိုင်ပကဖ လှုပ်ရှားတပ်ရင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ကန့်ဘလူခရိုင်တပ်ရင်း ၃၊ နယ်မြေခံပကဖတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။

ပြီးခဲ့တဲ့စက်တင်ဘာ ၁၇ ရက်ကလည်း ဇီးကုန်းမြို့ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲနဲ့ ပျူစောထီးတပ်သား ၆ ဦးသေဆုံးပြီး သေနတ် ၁၁ လက်နဲ့ ရဲတပ်သား ၆ ဦးကိုလည်း အရှင်ဖမ်းဆီးရရှိခဲ့တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။