ပခုက္ကူ၊ စက်တင်ဘာ ၂၉၊ ၂၀၂၅။
မကွေးတိုင်း၊ ပခုက္ကူမြို့၊ အမှတ် ၁၀ ရပ်ကွက်၊ မြိုင်လမ်းနဲ့ ပေါက်လမ်းဆုံ ရေမြောင်းထဲမှာ စက်တင်ဘာ ၂၉ ရက် ဒီနေ့လယ် ၁ နာရီခန့်က အမျိုးသားအလောင်း ၁ လောင်းတွေ့ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အမှတ် ၁၀ ရပ်ကွက်၊ မြိုင်လမ်းနဲ့ ပေါက်လမ်းဆုံအနီး စျေးဆိုင်တွေက စျေးသည်တွေ အပုပ်နံ့ရတာ ကြောင့် လိုက်လံရှာကြရာက အဆိုပါအလောင်းကိုတွေ့ရှိခဲ့ကြတာလို့ ဆိုပါတယ်။
“အခုကမြိုင်လမ်းနဲ့ ပေါက်လမ်းဆုံမှာ ဖြစ်တာလေ၊ အဲ့ဒီနားမှာ ရေမြောင်းတွေ လုပ်ပေးထားတာ၊ အဲ့ဒီနားကဆိုင်တွေက အနံ့ထွက်လို့ကြည့်တာတဲ့၊ အလောင်းကြီးဖြစ်နေတာ၊ ရှာရင်းနဲ့တွေ့တာ။” လို့ မြို့ခံတဦးက ပြောပါတယ်။
သေဆုံးသူနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကိုမသိရှိရသေးဘဲ သက်ကြီးပိုင်းလို့ယူဆရပြီး အလောင်းကိုတွေ့ချိန်မှာ မျက်နှာကို ကွဲကွဲပြားပြားမမြင်ရတော့ဘူးလို့ သိရပါတယ်။
“အဲ့နားမှာက ဆိုင်တွေပဲရှိတာ၊ မြို့အလယ်ခေါင်လိုမျိုးဆိုတော့ အဲ့နားကလူတွေကလည်း နံလို့ဆိုပြီး ရှာကြတာတဲ့၊ အနံ့က အဲ့နားကပဲရတာ၊ အဲ့ဒါနဲ့ ရေမြောင်းဖုံးကိုဖယ်ပြီးကြည့်လိုက်တော့ကျ လူသေနေတာတဲ့၊ အကောင်တွေရောတက်လို့ မျက်နှာဆိုမမြင်ရတေ့ဘူး၊ ဆံပင်တောင်မရှိတော့ဘူး၊ တော်တော်တော့ အသက်ကြီးပြီလို့ ပြောတယ်။” လို့ နောက်ထပ်မြို့ခံတဦးကပြောပါတယ်။
လက်ရှိမှာ အလောင်းကိုတွေ့ရှိပြီးနောက်မှာ ပခုက္ကူမြို့တွင်းက လူနာတင်ယာဉ် ၁ စီးနဲ့ ပခုက္ကူဆေးရုံကို သယ်သွားတယ်လို့ သိရပါတယ်။
စာတည်း – လင်း