မင်းကင်း၊ စက်တင်ဘာ ၂၅၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ကလေးခရိုင်အခြေစိုက်လှုပ်ရှားနေတဲ့ ကျောင်းသားတော်လှန်ရေးတပ်-SRF က တပ်ဖွဲ့ဝင်အမျိုးသမီးကို မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပကဖတာဝန်ခံက အဓမ္မပြုကျင့်ခဲ့တဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ထံ ၂ ကြိမ် တိုင်ကြားထားတယ်လို့ SRF တပ်ဖွဲ့ဝင်တွေထံက သိရပါတယ်။
အဓမ္မပြုကျင့်ခံရသူမှာ မင်းကင်းမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ Student’s Revolutionary Force (SRF) မှာ တာဝန်ထမ်းဆောင်နေသူ အသက် ၃၄ နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၄ ဇွန်လ ၁၅ ရက် ည ၁၁ နာရီခန့်က မင်းကင်းမြို့နယ်၊ အူကျေးရွာပအဖခေါင်းဆာင် (အုပ်ချုပ်ရေးမှူး) ဦးနက်စိန်ရဲ့ နေအိမ်မှာ မြို့နယ်ပကဖတာဝန်ခံ ဦးညိုလွင် က အဓမ္မပြုကျင့်ခဲ့တာလို့ ဆိုပါတယ်။
အခင်းဖြစ်နေ့မှာ SRF တပ်ဖွဲ့ဝင်အမျိုးသမီးတာဝန်ကျရာ ကမ်းပြည့်ရွာကိုရောက်ရှိလာတဲ့ မြို့နယ်ပကဖတာဝန်ခံနဲ့အဖွဲ့ဟာ အလုပ်ကိစ္စနဲ့ ရွာသစ်ကုန်းရွာကို သွားရောက်ရမှာဖြစ်လို့ အတူလိုက်ပါရန်ခေါ်ဆောင်တာကြောင့် နောက်ထပ် SRFတပ်ဖွဲ့ဝင်တဦးနဲ့အတူလိုက်ပါသွားခဲ့ပြီး အူကျေးရွာမှာညအိပ်နားခိုစဥ် အဓမ္မပြုကျင့်ခံခဲ့ရတာဖြစ်တယ်လို့ ကြုံတွေ့ခဲ့ရတဲ့ဖြစ်စဥ်ကို နစ်နာသူအမျိုးသမီးက အခုလို ပြောပါတယ်။
” ရွာသစ်ကုန်းရွာကိုသွားရင်း မိုးမိလို့ အူရွာပအဖအိမ်မှာဝင်အိပ်တာ။ စက်လှေနဲ့ချင်းတွင်းမြစ်ကူးလာပြီး မိုးမပြတ်ရွာလို့ ဆက်သွားမရဘူး၊ ကျမကို အခန်းတခန်းပေးတယ်။ အိမ်ရဲ့အနေထားကတော့ ပျဉ်ထောင်အိမ်ပေါ့၊ အခန်းကတော့ တခန်းပဲရှိတယ်။ ကျမ(အတူပါ)ရဲဘော်ကတော့ အမျိုးသားဆိုတော့ ပ ထုတ်တယ်ထင်ပါတယ် အောက်ထပ်မှာပဲ အိပ်တယ်။ သူ့(ပကဖတာဝန်ခံ)ရဲ့လက်နက်ကိုင်တွေက (အိမ်) ခေါင်းရင်းမှာ ရှိမယ်၊ အိမ်ပေါ်တော့မတက်ဘူး။ အိမ်ရှေ့ခန်းမှာတော့ အိမ်ရှင်တွေ အိပ်တယ်” လို့ သူက ပြောပါတယ်။
ကျောင်းသားတော်လှန်ရေးတပ်-SRF ဟာ မင်းကင်းမြို့နယ်အတွင်းကျေးရွာတွေမှာအဓိကအခြေပြုကာ စစ်ရေး၊ နိုင်ငံရေးတွေလှုပ်ရှားပြီး ဒေသတွင်းတော်လှန်ရေးလုပ်ငန်းတွေမှာ အုပ်ချုပ်ရေးကိုကိုင်တွယ်ထားတဲ့ ပသုံးလုံးတပ်ဖွဲ့ဝင်တွေနဲ့ပူးတွဲလုပ်ဆောင်ရတဲ့အခြေအနေတွေရှိတယ်လို့ SRF တပ်ဖွဲ့ဝင်တွေထံက သိရပါတယ်။
အဓမ္မပြုကျင့်မှုကို ရုန်းကန်ခဲ့ပေမယ့်မလွတ်မြောက်ခဲ့ဘဲ အဓမ္မပြုကျင့်ခံရချိန်မှာ အူကျေးရွာပအဖခေါင်းဆောင် ဦးနက်စိန်နဲ့ မိသားစုဝင်တွေနေအိမ်တွင်းရှိနေပေမယ့် တစုံတရာဝင်ရောက်ပြောဆိုတားမြစ်တာမျိုးမရှိဘူးလို့ နစ်နာသူအမျိုးသမီးက ပြောပါတယ်။
” တကယ်အလုပ်ကိစ္စ တိုင်ပင်မယ်ထင်လို့ လိုက်သွားတာ၊ လမ်းမှာမိုးမိတော့ ပအဖလည်း ပအဖအိမ်ဆိုတော့ လုံခြုံမယ်ဆိုပြီး စိတ်ချလက်ချ အိပ်လိုက်တာ။ သေနတ်နဲ့ဆိုတော့ ကြောက်လို့ မအော်ရဲဘူး” လို့ သူက ပြောပါတယ်။
အဓမ္မပြုကျင့်ပြီးနောက် SRF တပ်ဖွဲ့ဝင်အမျိုးသမီးကို ဖြစ်စဥ်နဲ့ပတ်သက်ပြီးထုတ်ဖော်မပြောကြားဖို့ ပကဖတာဝန်ခံက ခြိမ်းခြောက်ပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။
“ အဲ့ဘက်ဒေသက ဦးညိုလွင်နဲ့ လက်နက်ကိုင်အဖွဲ့ ဦးစီးနေတာလေ။ သူတို့က လက်နက်နဲ့ အမြဲတမ်းသွားလာပြီး နေနေတာလေ၊ ဖြတ်သန်းပြီး နေနေတာလေ အဲ့ဒီနေရာကို။ အဲဒါပြီးတော့ပြောရင်လည်း သူတို့( ပအဖခေါင်းဆောင်မိသားစု)ကို ဖမ်းခံရမှာတွေရော၊ သတ်ပစ်မှာတွေရော ကြောက်တာနေမှာပေါ့” လို့ နစ်နာသူက ပြောပါတယ်။
မင်းကင်းပကဖတာဝန်ခံရဲ့ SRF တပ်ဖွဲ့ဝင်အမျိုးသမီးအပေါ် အဓမ္မပြုကျင့်ခဲ့မှုကို အရေးယူဆောင်ရွက်ပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကာကွယ်ရေးဝန်ကြီးဌာန၊ တိုင်ကြားမှုများဆိုင်ရာကော်မတီကို အခင်းဖြစ်ပြီးနောက်တရက် ၂၀၂၄၊ ဇွန်လ ၁၆ ရက်မှာ ၁ ကြိမ်၊ အဲ့ဒီနောက် ၆ လ အကြာ ဒီဇင်ဘာလ ၂၇ ရက် မှာ ၁ ကြိမ် စာပို့တိုင်ကြားထားတယ်လို့ သိရပါတယ်။
တိုင်ကြားမှုနဲ့ပတ်သက်ပြီး NUGMOD တိုင်ကြားမှုများဆိုင်ရာကော်မတီအဖွဲ့ဝင် နော်အဲ့ က ပြီးခဲ့တဲ့ဖေဖော်ဝါရီနဲ့ ဧပြီလအတွင်းမှာ ဖြစ်စဥ်အပေါ် နစ်နာသူနဲ့ အူရွာပအဖခေါင်းဆောင်မိသားစုဝင်တွေအပါအဝင် မျက်မြင်သက်သေတချို့ကို အွန်လိုင်းကတဆင့် စစ်ဆေးမေးမြန်းမှုတချို့ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဥ်နဲ့ပတ်သက်လို့ ၁ နှစ်ကျော်ကြာအထိ NUG အနေနဲ့ စစ်ဆေးမေးမြန်းမှု ၂ ကြိမ်သာ လုပ်ဆောင်ခဲ့ပြီး ထိရောက်တဲ့အရေးယူဆောင်ရွက်မှုတွေမရှိသေးလို့ အရေးယူဆောင်ရွက်ပေးစေချင်တယ်လို့ နစ်နာသူအမျိုးသမီးက တောင်းဆိုပါတယ်။
အဓမ္မပြုကျင့်ခံရပြီးတဲ့နောက် နစ်နာသူအမျိုးသမီးကို စာပို့ခြိမ်းခြောက်တာ၊ လိုက်လံရှာဖွေဖမ်းဆီးတာတွေလုပ်ဆောင်နေတာကြောင့် လက်ရှိအထိ ပကဖတာဝန်ခံနဲ့ ၎င်းရဲ့လက်အောက်တပ်ဖွဲ့ဝင်တွေရဲ့ လွတ်မြောက်ရာနေရာတွေကို မကြာခဏရှောင်တိမ်းနေထိုင်နေရတယ်လို့ သိရပါတယ်။
“ ဖြစ်ပြီးတော့ ရှက်တာရော၊ ကြောက်တာရောနဲ့ အခြားသူတွေသိမှာတွေရော စိုးရိမ်စိတ်နဲ့နေလာရတာပါ။ နေသာနေနေရတာ နောက်ကျောက မလုံဘူး၊ ခုတော့သူတို့ရဲ့အာဏာနဲ့လွတ်တဲ့ဆီလွတ်မြောက်နယ်မြေ ရောက်နေပါပြီ” လို့ သူက ပြောပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်ပြီး မင်းကင်းမြို့နယ်ပကဖတာဝန်ခံ ဦးညိုလွင်ကို မြေလတ်အသံက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်တုံ့ပြန်ဖြေကြားတာ မရှိခဲ့ပါဘူး။
တိုင်ကြားထားမှုအပေါ် ဆောင်ရွက်နေတဲ့အခြေအနေတွေကိုသိရှိနိုင်ရေး အမျိုးသားညီညွတ်ရေးအ စိုးရ-NUG သတင်းထုတ်ပြန်ရေးအဖွဲ့ကို မေးမြန်းခဲ့ရာ ဖြစ်စဥ်နဲ့ပတ်သက်ပြီး သတင်းဖော်ပြချိန်အထိ ပြန်လည်ဖြေကြားတာမျိုး မရှိသေးပါဘူး။
Women’s League of Burma – WLB ရဲ့ ဇွန်လ ၁၈ ရက်မှာ ထုတ်ပြန်တဲ့စစ်တမ်းတွေအရ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ကနေ စစ်တမ်းထုတ်ပြန်တဲ့ ၂၀၂၅ ဇွန်လ ၁၈ ရက်အထိ ပဋိပက္ခနဲ့ဆက်နွယ်တဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ၉၆၃ မှု ရှိခဲ့ပြီး မြေပြင်မှာဒီအရေအတွက်ထက် ပိုများနိုင်တယ်လို့ ဆိုထားပါတယ်။