မြေလတ်အသံ၊ စက်တင်ဘာ ၂၃၊၂၀၂၅ ။
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ သမင်ခြံရွာကို စစ်ကော်မရှင်တပ်က ပါရာမော်တာနဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့လို့ ၄ ဦး ဗုံးစထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
စက်တင်ဘာ ၂၂ မနေ့ ညနေ ၆ နာရီခန့်မှာ နမခစစ်ဌာနချုပ်ကလာတဲ့ ပါရာမော်တာနဲ့ ဗုံး ၂ ကြိမ်ကြဲချ တိုက်ခိုက်ခဲ့ရာ ကျေးရွာတွင်းနေအိမ်တွေပေါ်ကျရောက် ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

” စစ်ရှောင်ရာကနေ အိမ်ပြန်ရတာမှ မကြာသေးဘူး ပါရာမော်တာလာပစ်ခံရတယ်။ ၂ လအတွင်းကို ၅ယောက်သေဆုံးပြီးပြီ” လို့ ရွာခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် သမင်ခြံကျေးရွာနေ ဦးကြည်အေး ၇၁ နှစ်၊ မသန်းသန်းပို ၃၃ နှစ်၊ ဒေါ်ပြား ၆၈ နှစ်၊ ကိုကျော်သူ ၃၆ နှစ်တို့ ၄ ဦး ဗုံးစထိမှန်ဒဏ်ရာတွေနဲ့သေဆုံးခဲ့ပြီး နေအိမ် ၂ လုံးပျက်စီးခဲ့ကာ ခြံဝန်းအတွင်းရှိ နွား ၆ ကောင်လည်းသေဆုံးခဲ့တယ်လို့ သိရပါတယ်။
သမင်ခြံရွာကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ မကြာခဏဗုံးကြဲတိုက်ခိုက်နေတာနဲ့ စက်တင်ဘာလပထမပတ်အတွင်းဖြစ်ပွားခဲ့တဲ့ ချောင်းမရွာအနီးတိုက်ပွဲတွေကြောင့် ရွာခံတွေက စစ်ရှောင်တိမ်းနေထိုင်ရာက တိုက်ပွဲတွေပြီးဆုံးသွားပြီးနောက် ကျေးရွာတွင်းပြန်လည်နေထိုင်တာ ၇ ရက်ခန့်သာ ရှိသေးတယ်လို့ ဆိုပါတယ်။
သမင်ခြံရွာကို သြဂုတ်လအတွင်းကလည်း လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၁၈ နှစ်အရွယ်ကျောင်းသားတဦး သေဆုံးခဲ့တာလည်း ဖြစ်ပါတယ်။
စာတည်း – ဟိန်းစံ