မြေလတ်အသံ၊ စက်တင်ဘာ ၁၉၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-မန္တလေး လမ်းမပေါ်က စစ်အင်အား ၃၀ ကျော်ရှိတဲ့ မုံရွေးတိုးဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၈ ဦးသေဆုံးပြီး သေနတ် ၅ လက် သိမ်းဆည်း ရရှိခဲ့တယ်လို့ Budalin Defense Force – BDF က စက်တင်ဘာ ၁၉ ရက်ဒီကနေ့မှာထုတ်ပြန်ပါတယ်။
မုံရွေးကျေးရွာအနီးရှိ အဆိုပါဂိတ်စခန်းကို စက်တင်ဘာ ၁၆ ရက်မနက် ၃ နာရီကျော်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း ဘန်ကာ ၁ ခု၊ ကင်းတဲတခုတို့ကို သိမ်းနိုင်ခဲ့ပေမယ့် ၃ ထပ်ဘန်ကာ ၁ ခုတော့ ကျန်ခဲ့တယ်လို့ ဆိုပါတယ်။

“အပြတ်သိမ်းနိုင်ခဲ့တာ မဟုတ်ဘူး။ **တွေက ဘန်ကာထဲ ဝင်ပြေးကြတာ။ ဘန်ကာက သုံးထပ်လုပ်ထားတာဆိုတော့ အကုန်မရခဲ့ဘူး။ ဘန်ကာ သိမ်းခါနီးမှာ မိုးလင်းသွားလို့ ပြန်ခဲ့ရတယ်။ မိုးလင်းသွားပြီဆိုတော့ ဘန်ကာထဲကနေ **က စက်သနတ်နဲ့ ပစ်နေတာဆိုတော့ ဝင်လို့မရတော့ဘူး၊”လို့ Budalin Defense Force BDF မှ တပ်ဖွဲ့ဝင်တဦးကပြောပါတယ်။
စခန်းကိုတိုက်ခိုက်မှု ၁ နာရီကျော်ကြာမြင့်ခဲ့ပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၈ ဦးအလောင်း၊ သေနတ် ၅ လက်၊ ကျည်ကာ ဦးထုပ် ၂ လုံး၊ ကျည်ကာအင်္ကျီ ၁ ထည်၊ ကာဘိုင်ကျည်တွေအပါအဝင် အခြားကျည် မျိုးစုံနဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်ဆည်းရရှိခဲ့ပြီး တိုက်ပွဲအတွင်း BDF အဖွဲ့ဘက်က ၃ ဦး မစိုးရိမ်ရဒဏ်ရာရခဲ့တယ်လို့ သူကဆိုပါတယ်။
ဒီတိုက်ခိုက်မှုကိုတော့ မုံရွာခရိုင်တပ်ရင်း ၂၄၊ မုံရွာခရိုင်တပ်ရင်း ၁၄၊ Federal Democratic Force(FDF)၊ Budalin Defense Force(BDF) အပါအဝင် မဟာမိတ်အဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာပါ။
စာတည်း – လင်း