ထီးချိုင့်ပလဖအချုပ်ကထွက်ပြေးတဲ့အချုပ်သား ၁၈ ဦးအနက် ၂ ဦးပြန်မိပြီး၊ ၁ ဦးပစ်ခတ်ခံရပြီးသေဆုံး

0 58
0 58

မြေလတ်အသံ၊ စက်တင်ဘာ ၁၉၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့အချုပ်မှ အချုပ်ကျနေသူ ၁၈ ဦး စက်တင်ဘာ ၉ ရက်ည ၉ နာရီကျော်မှာ ထွက်ပြေးသွားခဲ့ပြီး အဲဒီထဲက ၂ ဦးကိုပြန်ဖမ်းမိထားကာ ၁ ဦးကတော့ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

သေဆုံးသူဟာ ဝါးဘိုးချောင်းရွာမှ ရဲရင့်ဖြစ်ပြီး သူအပါအဝင်အချုပ်သား ၅ ဦးကို ပလဖအဖွဲ့ဝင်တွေက စက်တင်ဘာ ၉ ရက်ည ၁၀ နာရီကျော်မှာ ပျဉ်းစုကျေးရွာအတွင်း ဝင်ရောက်ဖမ်းဆီးခဲ့ချိန် ၄ ဦးက ထပ်မံထွက်ပြေးသွားခဲ့ပြီး ရဲရင့်ကတော့ ဖမ်းမိတဲ့နေရာတင် ပစ်ခတ်ခံရကာ သေဆုံးခဲ့တာလို့ ဆိုပါတယ်။

“အဲ့ဒီအချိန် ရဲရင့်နဲ့အတူမိတဲ့ အခြားအချုပ်သားတွေလည်းပါတယ်။ သူတို့က ဒူးထောက်လျက်ကနေ ထပြေးကြတာ။ အဲ့ဒီကောင်လေး(ရဲရင့်)က ထဖို့လှည့်တဲ့အချိန် ကျောဘက်ကိုတချက်ပစ်လိုက်တာ။ ပြီးတော့မှ သေတယ်ဆိုတာ ဒီလိုဆိုပြီး ခေါင်းကို တချက်ပစ်ထည့်လိုက်တော့တာ။ အလောင်းကိုတော့ ရွာသင်္ချိုင်းထဲ သွားမြှုပ်တယ်”လို့ ဖြစ်စဥ်ကိုသိရှိထားသူ ထီးချိုင့်ဒေသခံအမျိုးသားတဦးကပြောပါတယ်။

အဲ့ဒီနောက် ထွက်ပြေးသွား ၄ ဦးကို ဆက်လက်ဖမ်းဆီးရာ လင်းလင်း နဲ့ အချုပ်သား ၁ ဦး စုစုပေါင်း ၂ ဦးကို ဝါးဘိုးချောင်းရွာနဲ့ လမ်းတခုသာခြားတဲ့ ထန်းကုန်းကျေးရွာလမ်းဆုံမှာ ပြန်လည်ဖမ်းမိခဲ့ပြီး ပလဖ အချုပ်မှာပဲ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

အဆိုပါဖြစ်စဥ်နဲ့ပတ်သက်ပြီး ထီးချိုင့်မြို့ နယ်ပြည်သူ့လုံခြုံရေးနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ကို မြေလတ်အသံက ဆက်သွယ်မေးမြန်းထားပေမယ့်ပြန်လည်ဖြေကြားတာမရှိသေးပါဘူး။

သေဆုံးသူ ရဲရင့်မှာ စက်လှေအချင်းချင်းတိုက်မိပြီး တဖက်စက်လှေပိုင်ရှင်ကို လျော်ကြေးမပေးနိုင်တာကြောင့် ကျေးရွာ အုပ်ချုပ်ရေးမှူးကဖမ်းဆီးပြီး ပလဖအချုပ်မှာ ချုပ်နှောင်ခံထားရတာဖြစ်သလို ပြန်ဖမ်းမိထားတဲ့ ၂ ဦးအပါအဝင် လွတ်မြောက်နေသေးတဲ့အချုပ်သားတွေကလည်း မူးယစ်ဆေးဝါးသုံးစွဲမှုတွေနဲ့ ဖမ်းဆီးချုပ်နှောင် ခံထားရသူတွေဖြစ်ကြတယ်လို့ အထက်ပါအမျိုးသားကပြောပါတယ်။

“အချုပ်သားတွေက ကျခံနေရတာ တယောက်နဲ့တယောက် အချိန်မတူဘူး။ တချို့ဆို လေးလကျော်၊ သုံးလကျော်ရှိနေတယ်။ အဲ့ဒီ ၁၈ ယောက်လုံးနဲ့ပတ်သက်လို့ လိုက်လို့မရဘူးပေါ့လေ။ အမှုတော်တော် များများကတော့ မူးယစ်မှုပေါ့လေ။ တချို့ ကတော့ လျော်ကြေးဆိုင်ရာအမှုတွေပေါ့လေ။ တယောက်နဲ့ တယောက်အမှုတွေမတူကြတော့ ကာလတွေတော့ပြောလို့မရဘူးဖြစ်နေတာ”လို့ အထက်ပါအမျိုးသားကဆို ပါတယ်။

ထီးချိုင့်ဒေသအတွင်း‌ရှိ တော်လှန်ရေးတပ်တွေစိုးမိုးထားတဲ့ ထီးချိုင့်မြို့နယ်မှာ ၂၀၂၅၊ ဩဂုတ်လကစတင်ပြီး လက်ရှိအချိန်ထိ စစ်ကော်မရှင်တပ်က ညမထွက်ရအမိန့် ပုဒ်မ (၁၄၄) ထုတ်ထားပြီး အဲဒီအမိန့်ချိုးဖောက်သူတွေကို စစ်မှုထမ်းပို့မှာလို့ ထုတ်ပြန်ထားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၆ ရက်ကလည်း ထီးချိုင့်မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ရဲ့အချုပ်မှ အချုပ်သားတချို့မှာ အချုပ်တံခါးပွင့်နေချိန် ထွက်ပြေးခဲ့တဲ့ဖြစ်စဥ်ရှိခဲ့ပြီး ထွက်ပြေးသူတွေကိုတော့ ပြန်လည်ဖမ်းမိခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။