ကင်းပတ်ပြီး ဘီယာဆိုင်မှာထိုင်နားနေတဲ့ရဲတွေ ပစ်ခတ်ခံရလို့ ၁ ဦးသေ၊ စခန်းမှူးအပါ ၄ ဦး ဒဏ်ရာရ

0 1
0 1

ပဲခူး၊ မတ် ၂၈၊ ၂၀၂၃။

ပဲခူးတိုင်း၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ အုန်းနှဲကျေးရွာ ဘီယာဆိုင်မှာထိုင်နေတဲ့ ရဲတပ်ဖွဲ့ဝင် ၈ ဦး မတ်လ ၂၆ ရက် ည ၁၀ နာရီခွဲဝန်းကျင်က သေနတ်နဲ့ပစ်ခတ်ခံရလို့ ၁ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

ပစ်ခတ်ခံရတဲ့ရဲတွေဟာ စစ်ကောင်စီလက်အောက် အုန်းနှဲရွာနယ်မြေရဲစခန်းက ဖြစ်ပြီး ညကင်းပတ်ပြီးပြန်လာချိန် စစ်ကောင်စီခန့် အုန်းနှဲကျေးရွာအုပ်ချုပ်ရေးမှူး ဦးစန်းမြင့်ပိုင် အာကာမိုးဘီယာဆိုင်မှာ နားနေချိန် တိုက်ခိုက်ခဲ့တာဖြစ်ပြီး နယ်ထိန်းရဲ နိုင်ဦး (ခ) ပြောင်ကြီးနေရာမှာ သေဆုံးပြီး စခန်းမှူးအပါ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကဝမြို့နယ် ပကဖအဖွဲ့တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။

“ညဘက်ကင်းပတ်ပြီး အဲ့ဒီအချိန်လောက်ဆို အုပ်ကြီးဘီယာဆိုင်မှာ ထိုင်နားနေကြ။ သူတို့ဘက်ကလည်း လက်ပစ်ဗုံးနဲ့ ပြန်ပစ်တာရှိပေမယ့် ပြန်လှန်ပစ်ခတ်ရင်း ကျနော်တို့ဘက်က လက်ဦးသွားလို့ ရဲတွေဘက်က ၁ ယောက် သေတယ်။ သေတာက နယ်ထိန်းရဲ။ စခန်းမှူးအပါ ၄ ယောက် ထိခိုက်ဒဏ်ရာ ရသွားတာ။ စခန်းမှူးကတော့ ခါးရိုးထဲမှာ ကျည်စိုက်ဝင်တယ်လို့ ပြန်ကြားရတယ်” လို့ ပြောပါတယ်။

တချိန်တည်းမှာ ပစ်ခတ်မှုဖြစ်ပွားတဲ့ဆီ ကဝမြို့နယ်၊ သက္ကလရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေ စစ်ကူလာရောက်မယ့်လမ်းကြောင်းကို စောင့်ကြိုမိုင်းခွဲနိုင်ခဲ့လို့ သက္ကလရဲတွေ စစ်ကူမသွားရောက်နိုင်ဘဲ စခန်းအတွင်းကနေသာ ပစ်ခတ်တာတွေ ပြုလုပ်ခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

သေဆုံးတဲ့ရဲနဲ့ ဒဏ်ရာရရဲတွေကို အုန်းနှဲတိုက်နယ်ဆေးရုံကို ပို့ဆောင်ထားတယ်လို့သိရပြီး နောက်ဆက်တွဲသတင်းကိုတော့ မသိရသေးပါဘူး။

ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်ညကလည်း ကဝမြို့နယ်၊ သရက်ကုန်းရွာက ပျူစောထီးလို့ သတင်းထွက်ပေါ်နေသူ ကိုတင်မြင့်ကိုလည်း ကဝ ပကဖက သုတ်သင်ခဲ့ပါသေးတယ်။

စာတည်း – ရင်ငြိမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။