မြေလတ်အသံ၊ စက်တင်ဘာ ၁၀၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်က ကျေးရွာ ၆ ရွာကို စစ်ကော်မရှင်တပ်က စက်တင်ဘာ ၉ ရက် နေ့လယ် ၃ နာရီကျော်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေး ၁ ဦးအပါအဝင် ၄ ဦးသေဆုံးပြီး ၁၃ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ချင်းတွင်းမြစ်ကမ်းနံဘေးရှိ သစ်ဆိမ့်၊ အင်ဒေါင်း၊ ရုံပင်ကုန်း၊ မင်းကုန်း၊ နဘဲပင်လှ၊ တပ်သာရွာတို့ကို Y-12 လေယာဥ်တစီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


“ဒီရွာတွေက တိုက်ပွဲဖြစ်တာမရှိပေမယ့် မြစ်ကမ်းနားကကျတော့သင်္ဘောတွေကို တိုက်ခိုက်မှာစိုးရိမ်လို့ လေကြောင်းကနေ လမ်းရှင်းတဲ့သဘောလို့ထင်တယ်”လို့ ဝက်လက်ဒေသခံအမျိုးသားတဦးက ပြောပါ တယ်။


သေဆုံးသူ ၄ ဦးမှာ တပ်သာရွာက ကလေးငယ် ၁ ဦး၊ အမျိုးသား ၁ ဦး၊ မင်းကုန်းရွာက အမျိုးသမီး ၁ ဦး၊ နဘဲပင်လှရွာက အမျိုးသမီး ၁ ဦးတို့ဖြစ်ပြီး ဒဏ်ရာရရှိသူတွေကတော့ တပ်သာရွာက ၅ ဦး၊ မင်းကုန်းရွာက ၃ ဦး၊ နဘဲပင်လှရွာက ၅ ဦးဖြစ်ပြီး အမျိုးသား၊ အမျိုးသမီးကိုတော့ ခွဲခြားမသိရှိရသေးဘူးလို့ Wetlet Informational Network မှတာဝန်ရှိသူက ပြောပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာ ၆ ရက်နဲ့ ၇ ရက်တို့မှာလည်း ထီးချိုင့်မြို့နယ်က စစ်သင်္ဘောတွေ ဖြတ်သန်းသွားလာချိန် လုံခြုံရေးလိုက်ပါလာတဲ့ Y-12 လေယာဥ် ၁ စီးက ဗုံးကြဲတိုက်ခိုက်ပြီး လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်ခဲ့ရာ မောင်းကုန်းရွာမှ ၅ ဦး၊ ကျောက်မှော်ရွာမှ ၁ ဦး၊ ဘိုကုန်းရွာမှ ၃ ဦး၊ ဝဲကြီး (ချွန်း)ရွာမှ ၂ ဦး စုစုပေါင်း ဒေသခံ ၁၁ ဦး သေဆုံးခဲ့တယ်လို့ Tigyaing Revolution -TR ကထုတ်ပြန်ထားပါတယ်။



စာတည်း – လင်း