ရွှေတောင်၊ စက်တင်ဘာ ၉၊ ၂၀၂၅။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့မှာ အဝေးသင်တက္ကသိုလ်မှာတက်ရောက်နေတဲ့ ကျောင်းသားတဦး စစ်ကော်မရှင်တပ်ရဲ့ ပေါ်တာဆွဲဖမ်းဆီးမှုခံရပြီးနောက် ထွက်ပြေးလွတ်မြောက်လာတယ်လို့ ရွှေတောင်ပကဖတာဝန်ခံထံက သိရပါတယ်။
ဖမ်းဆီးခံရသူဟာ ရွှေတောင်မြို့ဇာတိ ပြည်အဝေးသင်တက္ကသိုလ်မှာ ရူပဗေဒဘာသာရပ်နဲ့ ပထမနှစ်တက်ရောက်နေသူ အသက် ၂၁ နှစ်အရွယ် မောင်မျိုးမင်းဟိန်းဖြစ်ပြီး ဩဂုတ်လဒုတိယပတ်အတွင်းက ၎င်းရဲ့သူငယ်ချင်းအမျိုးသား ၂ ဦးနဲ့အတူ ဆိုင်ကယ်စီးနင်းနေစဥ် ပြည်၊ မြို့သစ် ၁၇ လမ်းအရောက်မှာ စစ်ကော်မရှင်တပ်သားတွေရဲ့ ဖမ်းဆီးတာကိုခံလိုက်ရတာလို့ ဆိုပါတယ်။
” သူငယ်ချင်း ၃ ယောက်ဆိုင်ကယ် ၁ စီးနဲ့သွားနေတဲ့အချိန်မှာ **က နောက်ကနေ စုဆောင်းရေးကားက ကပ်ပါလာတာကို ဘုန်းကြီးကားထင်ပြီး လမ်းဘေးချရပ်ပေးလိုက်တာကို ရှေ့ကနေပိတ်ပြီး ၃ ယောက်စလုံးကို ဖမ်းတာ။ ကျန်တဲ့ ၂ ယောက်ကလည်း ခုခံလို့ဆိုပြီး ရိုက်နှက်ဖမ်းသွားတာ” လို့ ထွက်ပြေးလွတ်မြောက်လာသူရဲ့ပြောဆိုချက်ကို ရွှေတောင်မြို့နယ်ပကဖတာဝန်ခံက ပြောပါတယ်။
အဲ့ဒီနောက် မျိုးမင်းဟိန်းအပါ ၃ ဦးကို ပြည်မြို့အခြေစိုက် အမှတ် ၉၅၉ လျှပ်စစ်နှင့်စက်မှုအင်ဂျင်နီယာတပ်ခွဲ အတွင်း ၃ ရက်ကြာ ထိပ်တုံးခတ်ဖမ်းဆီးထားပြီးနောက် စစ်ကော်မရှင်လက်အောက်လျှပ်စစ်ဝန်ထမ်းတွေဖြစ်တဲ့ သူငယ်ချင်းအမျိုးသား ၂ ဦးကို ပြန်လွှတ်ပေးလိုက်ပြီး ၎င်းကို ရွှေတောင်မြို့အခြေစိုက် ခလရ ၁၄ ကို ပြောင်းရွှေ့ကာ ဆက်လက်ဖမ်းဆီးထားခဲ့တယ်လို့ သိရပါတယ်။
ခလရ ၁၄ ကိုရောက်ရှိချိန် အခြားဖမ်းဆီးခံထားရသူ အမျိုးသား ၃၀ ဦးကျော်နဲ့အတူနေထိုင်ခဲ့ရပြီး ဩဂုတ်လနောက်ဆုံးပတ်ထဲမှာ စစ်ကော်မရှင်တပ်သားတွေ ညပိုင်းကင်းအိပ်နေကြချိန် အပေါ့သွားမယ်ဆိုကာ ထွက်ပြေးခဲ့ရာ စက်တင်ဘာ ၅ ရက်မှာ ရွှေတောင်မြို့နယ်ပကဖထံရောက်ရှိခဲ့တာလို့ ဆိုပါတယ်။
“သူထွက်ပြေးလာပြီးတော့ လမ်းမှာအဆင့်ဆင့်ဆက်သွယ်လာပြီး ကျနော်တို့နဲ့ချိတ်ဆက်ပြီး ကျနော်တို့က ဒီဘက်ကိုကယ်တင်ပြီး ခေါ်လာတာ။ သူက ပကဖထဲဝင်သွားမယ်လို့တော့ အဆိုပြုထားတာရှိတယ်”လို့ပကဖ တာဝန်ခံကဆက်ပြောပါတယ်။
လက်ရှိမှာ အဝေးသင်တက္ကသိုလ်သိပ္ပံဘာသာတွဲအထူးပြုဘာသာရပ်တွေအနေနဲ့ တက္ကသိုလ်တက်ရောက်နေရပြီဖြစ်ပြီး စက်တင်ဘာလကုန်မှာ စာမေးပွဲဖြေဆိုရမှာဖြစ်ကာ ဝိဇ္ဇာတွဲအထူးပြုဘာသာရပ်တွေအနေနဲ့ အောက်တိုဘာနဲ့ နိုဝင်ဘာလတွေမှာ ဆက်လက်တက်ရောက်ရမှာ ဖြစ်ပါတယ်။
စစ်ကော်မရှင်ပြည်သူစစ်မှုထမ်းဆင့်ခေါ်ရေး နည်းဥပဒေမှာ စစ်ကော်မရှင်ကဖွင့်လှစ်တဲ့ တက္ကသိုလ်တွေမှာတက်ရောက်နေသူ ကျောင်းသားတွေကို စစ်မှုထမ်းဆောင်ခြင်းကနေ ယာယီကင်းလွတ်ခွင့်ပြုကြောင်း ပြဌာန်းထားပေမယ့် စစ်ကော်မရှင်တပ်က တက္ကသိုလ်ကျောင်းသားတွေကိုပါ ဖမ်းဆီးနေတဲ့အပေါ် ပြည်နည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂအတွင်းရေးမှူးဟောင်းတဦးက အခုလို မှတ်ချက်ပြုပါတယ်။
” စစ်ကော်မရှင်က ပြည်သူ့စစ်မှုထမ်းဥပဒေ စပြဌာန်းကတည်းက ပေါ်တာတွေဆွဲနေတာပေါ့နော်။ ဒီဥပဒေကလည်း ပေါ်တာဆွဲဖို့အတွက်ပဲ ထုတ်ထားတဲ့ပုံစံမျိုးပဲ ဖြစ်တယ်ပေါ့။ လောလောဆယ်မှာ လူဦးရေမလောက်တော့တဲ့အတွက်ကြောင့်မလို့ ဒီကျောင်းတက်နေတဲ့ တက္ကသိုလ်ကျောင်းသားတွေဘက်ကိုလည်း ဦးတည်လာတယ်လို့ ထင်ရတယ်။ ခုကတော့ အဝေးသင်တက္ကသိုလ်ကျောင်းသားတွေ များသောအားဖြင့်ပါတယ်။ သူတို့က ဘာလို့လည်းဆိုတော့ တက္ကသိုလ်မှာအမြဲနေရတာမဟုတ်ဘူး။ အပြင်မှာ အလုပ်လုပ်ရင်းနဲ့ကျောင်းတက်နေရတာဖြစ်တာကြောင့်မလို့ အလုပ်လုပ်ရင်းနဲ့ ပေါ်တာဆွဲခံရတာမျိုးတွေလည်းရှိနိုင်တယ်။ နောက်ပြီး နောက်တဆင့်ကျရင်တော့ Day တက်နေတဲ့ ကျောင်းသားတွေဘက်ကိုလည်း လှည့်ကောင်းလှည့်လာနိုင်တယ်ပေါ့။ သူတို့အနေနဲ့ ဂရုတစိုက်နေဖို့ကို ပြောချင်ပါတယ် “ လို့ သူကပြောပါတယ်။
စစ်ကော်မရှင်တပ်ဟာ ၎င်းတို့လစဥ်ဖွင့်လှစ်နေတဲ့ ပြည်သူ့စစ်မှုထမ်းသင်တန်းတွေမှာ စစ်သင်တန်းသားတွေပြည့်မီစေရေး နေ့ရောညပါ လူငယ်တွေကို ဖမ်းဆီးမှုတွေပြုလုပ်နေပြီး ပဲခူး၊ မကွေး၊ စစ်ကိုင်းနဲ့ ဧရာဝတီတိုင်းဒေသကြီးတွေက လူငယ်တွေကို အဓိကပစ်မှတ်ထားဖမ်းဆီးနေတာလည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ဩဂုတ်လအတွင်းမှာလည်း စစ်ကိုင်းတံတားပေါ်က ခရီးသွားကားတွေကို တားဆီးကာ လူငယ် ၃၀ ကျော်ကို ဖမ်းဆီးခဲ့သလို မကွေးတိုင်း၊ အောင်လံမြို့ နယ်က ကျေးရွာတွေမှာလည်း လူငယ်တွေကို နေအိမ်တွေထဲအထိ ဝင်ရောက်ဖမ်းဆီးမှုတွေလုပ်ဆောင်နေတယ်လို့ မြို့ခံတွေထံက သိရပါတယ်။
စာတည်း – ဟိန်းစံ