27 July 2026 4:07 AM

စစ်ရှောင်ရာက နေအိမ်ခဏပြန်နေတဲ့အမျိုးသား ဒရုန်းဗုံးထိမှန်သေဆုံး

0 30
0 30

လက်ပံတန်း၊ စက်တင်ဘာ ၅၊ ၂၀၂၅။

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ သရက်ချောင်းရွာမှာ စစ်ရှောင်ရာကနေ နေအိမ်ခဏပြန်နေတဲ့အမျိုးသား ဒရုန်းဗုံးထိမှန်ပြီး သေဆုံးခဲ့တယ်လို့ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။

စက်တင်ဘာ ၄ ရက်နေ့လယ် ၁၂ နာရီကျော်မှာ အသက် ၃၀ အရွယ် ကိုဇေယျာလင်းက သရက်ချောင်းရွာက သူ့နေအိမ်မှာရှိနေချိန် ပြည်သူ့စစ်အဖွဲ့တွေကြဲချတဲ့ ဒရုန်းဗုံးထိမှန် သေဆုံးခဲ့တာလို့ဆိုပါတယ်။

“ဆင်တလင်းရွာထိအောင် ပြည်သူ့စစ်အဖွဲ့တွေရောက်လာပြီးတော့ အဲ့ဒီကနေ ဒရုန်းလွှတ်ပြီးတော့ ဗုံး ၂ လုံးကြဲချတယ်။ ရွာပြင်ကို ၁ လုံး၊ ၁ လုံးကရွာထဲက သေဆုံးသူအိမ်ပေါ်တည့်တည့်ကျပြီး အိမ်လည်းပျက်စီး လူလည်းသေတာ”လို့ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူ ကပြောပါတယ်။

ဒရုန်းဗုံးကျချိန် သေဆုံးသူ ၁ ဦးတည်းသာ နေအိမ်မှာရှိနေပြီး ကျန်မိသားစုဝင်တွေက စစ်ရှောင်နေရလို့ ထိခိုက်တာမရှိဘူးလို့ ဆိုပါတယ်။

“အဲ့နေရာတွေက အရင်ကတည်းက စစ်ရေးတင်းမာမှုတွေဖြစ်တော့ မိသားစုလိုက်စစ်ရှောင်ရတာ ရှိတယ်။ အခုနည်းနည်းအေးချမ်းတော့ မိသားစုလိုက်မပြန်ကြဘဲနဲ့ အိမ်ထောင်ဦးစီးတွေက အိမ်စောင့် သဘောမျိုး၊ အလုပ်အကိုင်လက်လွှတ်မရသူတွေက လာနေတာမျိုးလုပ်ရင်းဖြစ်တာ”လို့ အထက်ပါတာဝန်ရှိသူက ဆက်ပြောပါတယ်။

ကိုဇေယျာလင်းရဲ့ နာရေးကိုတော့ ကျေးရွာအတွင်းရှိနေသူအချို့က နေ့ချင်းသဂြိုလ်ပေးလိုက်ရကာ ကျေးရွာအတွင်းပြန်ရောက်နေသူအချို့ကလည်း စစ်ကြောင်းထိုးမှာ၊ ဒရုန်းနဲ့ဗုံးထပ်ကြဲမှာ စိုးရိမ်ပြီး ပြန်လည်ထွက်ခွာသွားကြတယ်လို့ သိရပါတယ်။

သရက်ချောင်းကျေးရွာမှာ နေအိမ် ၁၀၀ ကျော်ရှိပြီး ပြီးခဲ့တဲ့ ဇူလိုင်လက စစ်ကြောင်းထိုးတာနဲ့ တိုက်ပွဲကြောင့် ရွာလုံးကျွတ်ထွက်ပြေးခဲ့ကြရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၂၃ ရက်ကလည်း လက်ပံတန်းမြို့နယ်၊ ရေငံကျေးရွာက ကိုအောင်မောင်းဆိုသူဟာ စစ်ရှောင်နေရာကနေ နေအိမ်ကိုပြန်လာစဥ် နေအိမ်အနီးအရောက်မှာ စစ်ကော်မရှင်တပ်ထောင်ထားတဲ့ မြေမြှုပ်မိုင်းကိုနင်းမိတာကြောင့် ခြေထောက်ပြတ်သွားတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။